တက်စလာ လျှပ်စစ်ကားကုမ္ပဏီ ဥက္ကဋ္ဌအဖြစ်မှ အီလွန်မာ့ခ် နုတ်ထွက်ရမည်

တက်စလာ လျှပ်စစ်ကားကုမ္ပဏီ ဥက္ကဋ္ဌအဖြစ်မှ အီလွန်မာ့ခ် နုတ်ထွက်ရမည်

တက်စလာကုမ္ပဏီကို အများပိုင်ကုမ္ပဏီအဖြစ်မှ ပုဂ္ဂလိကပိုင် ကုမ္ပဏီအဖြစ် ပြန်ပြောင်းမည်ဟု တွစ်တာတွင် ရေးသားခဲ့သဖြင့် ဈေးကွက်အတွင်း အလှုပ်အခတ် ဖြစ်ပွားခဲ့ရမှုနှင့် ပတ်သက်ပြီး တက်စလာကုမ္ပဏီ ထူထောင်သူ အီလွန်မာ့ခ်သည်  ဥက္ကဋ္ဌရာထူးမှ နုတ်ထွက်ရတော့မည်ဖြစ်သလို၊ ဒဏ်ကြေးလည်း ပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။ 

ဘဏ္ဍာရေးဆိုင်ရာ မလျော်မကန် ပြုမူမှုဖြင့် ဘဏ္ဍာရေး လုံခြုံမှုနှင့် ငွေကြေးအိတ်ချိန်းလုပ်ငန်းများဆိုင်ရာ ကော်မရှင် (အက်စ်အီးစီ) က မစ္စတာ မာ့ခ်ကို တရားစွဲဆိုရန် စီစဉ်ခဲ့ပြီးနောက် နှစ်ဖက် သဘောတူညှိနှိုင်းကာ မစ္စတာ မာ့ခ်အနေဖြင့် ဥက္ကဋ္ဌ ရာထူးမှ ဆင်းပေးရန်နှင့် ဒဏ်ကြေးဆောင်ရန်  သဘောတူခဲ့ခြင်း ဖြစ်သည်။ သဘောတူချက်အရ  မစ္စတာ မာ့ခ်သည် ကုမ္ပဏီ ဥက္ကဋ္ဌရာထူးမှ သုံးနှစ်ဆင်းရမည်ဖြစ်သော်လည်း စီအီးအိုအဖြစ်ကား ဆက်လက်ရှိနေမည်ဖြစ်သည်။ ဒဏ်ကြေးအနေဖြင့် ဒေါ်လာ သန်း ၂၀ ပေးဆောင်ရမည်ဖြစ်သည်။ တက်စလာ လျှပ်စစ်ကားကုမ္ပဏီကို ရှယ်ယာဈေးကွက်ထဲမှ ပြန်ထုတ်ကာ ပုဂ္ဂလိကပိုင်အဖြစ်သာ ဆက်လက်လုပ်ကိုင်ရန် စဉ်းစားနေသည်ဟု ဩဂုတ်လက တွစ်တာတွင် ရေးသားခဲ့မှုနှင့် စပ်လျဉ်းပြီး အရေးယူခံရခြင်းဖြစ်သည်။ တက်စလာ ရှယ်ယာတစ်ခုလျှင် ဒေါ်လာ ၄၂၀ နှင့် ပြန်ဝယ်ရန်ပင် ငွေရင်းမတည်မည့်သူများနှင့် ချိတ်ဆက်ထားပြီးဖြစ်ကြောင်း မစ္စတာ မာ့ခ်က ရေးသားခဲ့သည်။ 
    မစ္စတာ မာ့ခ်သည် တကယ်တမ်းတွင် ရှယ်ယာများ ပြန်ဝယ်ရန် ရင်းနှီးမြှုပ်နှံသူများနှင့် ဆွေးနွေးညှိနှိုင်းထားခြင်းမျိုးမရှိသည်ကို တွေ့ရသည်ဟု အက်စ်အီးစီ တာဝန်ရှိသူများက ပြောသည်။ 
    မစ္စတာ မာ့ခ်အနေဖြင့် နောင်တွင် တက်စလာ ကုမ္ပဏီနှင့် ပတ်သက်ပြီး တွစ်တာနှင့် ဆိုရှယ်မီဒီယာများတွင် ရေးတင်မည်ဆိုပါကလည်း ကုမ္ပဏီ၏ အများပြည်သူ ဆက်သွယ်ရေး လုပ်ထုံးလုပ်နည်းများနှင့်အညီသာ ဆောင်ရွက်ရန်လည်း တာဝန်ရှိသူများက သတ်မှတ်ချက် ထုတ်ပြန်လိုက်သည်။ 
    မစ္စတာ မာ့ခ်အနေဖြင့် တက်စလာ ဥက္ကဋ္ဌရာထူးမှဆင်းရန် ပြင်ဆင်ချိန် ၄၅ ရက် ရရှိမည်ဖြစ်သည်။