မလေးရှားနိုင်ငံတွင် စက်တင်ဘာ ၂၃ရက်မှ ၂၉ရက်အထိကျင်းပခဲ့သည့် အာရှဖိတ်ခေါ်စနူကာပြိုင်ပွဲဗိုလ်လုပွဲတွင် မြန်မာနိုင်ငံမှ ကိုထက်က တရုတ်နိုင်ငံမှ ပြိုင်ဘက်ကစားသမားကို အနိုင်ယူပြီး ထိုက်တန်စွာ ဗိုလ်စွဲခဲ့သည်။
ဆီမီးဖိုင်နယ်တက်လှမ်း
အဆိုပါပြိုင်ပွဲဗိုလ်လုပွဲတွင် အာရှလူငယ်ချန်ပီယံနှင့်မလေးရှားဖိတ်ခေါ်စနူကာပြိုင်ပွဲတွင် ပထမဆုနှစ်ကြိမ်ရယူထားခဲ့သည့် တရုတ်ကစားသမားကို ကိုထက်က (၆-၅)ဖြင့် အနိ်ုင်ယူကာ ချန်ပီယံဆုတံဆိပ်နှင့်အတူ ဆုကြေး ရင်းဂစ်တစ်သောင်း ရရှိခဲ့သည်။ ကိုထက်သည် ၃၂ဦးရှုံးထွက်အဆင့်တွင် မလေးရှား ကစားသမားကို (၄-၂)၊ ၁၆ဦးအဆင့်တွင် ထိုင်းကစားသမားကို (၅-၂)ဖြင့် အနိုင်ရခဲ့ပြီး ၈ဦးအဆင့်တွင် Break ၁၀ဝကျော်အများဆုံးထိုးထားပြီး ချန်ပီယံဖြစ်ရန် ရေပန်းစားနေသည့် ထိုင်းနိုင်ငံမှချန်ပီယံကို (၅-၃)ဖြင့် အနိုင်ယူကာ ဆီမီးဖိုင်နယ်သို့တက်လှမ်းခဲ့သည်။
ဂုဏ်ပြုကြိုဆို
ဆီမီးဖိုင်နယ်တွင် မလေးရှားမှ ဒုတိယတန်းလက်ရွေးစင်ကို (၄-ဝ)ဖြင့် အသားစီးရခဲ့သော်လည်း မလေးရှားကစားသမားမှ (၄-၄)ဖြင့် အမီပြန်လိုက်ခဲ့သည်။ သို့သော် နောက်ဆုံးတွင် ကိုထက်က (၆-၅)ဖြင့် အနိုင်ယူပြီး ဗိုလ်လုပွဲသို့တက်ခဲ့ခြင်းဖြစ်ပြီး တရုတ်ကစားသမားကို အနိုင်ရဗိုလ်စွဲခဲ့ခြင်းဖြစ်သည်။ အဆိုပါပြိုင်ပွဲသို့ နိုင်ငံပေါင်း ၁၀နိုင်ငံမှ ကစားသမား ၆၄ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ချန်ပီယံဆုရခဲ့သည့် ကိုထက်သည် စက်တင်ဘာ ၃၀ရက်နံနက်ပိုင်းက ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာခဲ့ရာ တာဝန်ရှိသူများက ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။















