တရားသူကြီးလောင်းကိစ္စ စုံစမ်းစစ်ဆေးမှု လွတ်လပ်စွာလုပ်နိုင်မည်၊ ကာဗာနော့ကို ဒုတိယမြောက်စွပ်စွဲသူအား အက်ဖ်ဘီအိုင်ဆက်သွယ်

တရားသူကြီးလောင်းကိစ္စ စုံစမ်းစစ်ဆေးမှု လွတ်လပ်စွာလုပ်နိုင်မည်၊ ကာဗာနော့ကို ဒုတိယမြောက်စွပ်စွဲသူအား အက်ဖ်ဘီအိုင်ဆက်သွယ်

တရားရုံးချုပ်တရားသူကြီးလောင်း ဘရက်ကာဗာနော့သည် လိင်မှုစော်ကားခဲ့ကြောင်း အမျိုးသမီးများက စွပ်စွဲခြဲ့ခင်းနှင့် ပတ်သက်၍ အက်ဖ်ဘီအိုင်သည် လွတ်လပ်စွာစုံစမ်းစစ်ဆေးနိုင်ကြောင်း သမ္မတဒေါ်နယ်ထရမ့်က ပြောဆိုခဲ့သည်။ စုံစမ်းမှုစတင်နေပြီဖြစ်သည့် အက်ဖ်ဘီအိုင်သည် ကာဗာနော့အား ဒုတိယမြောက်စွပ်စွဲသူ ဒီဘိုရာ ရာမီရက်ဇ်နှင့်လည်း တွေ့ဆုံမေးမြန်းခဲ့သည်။

လစ်လပ်နေသည့် တရားရုံးချုပ်တရားသူကြီးနေရာအတွက် ရှေးရိုးစွဲဝါဒီ ဘရက်ကာဗာနော့အား ခန့်အပ်ရန် ထရမ့်က အမည်စာရင်းတင်သွင်းခဲ့ခြင်းဖြစ်သည်။ ယင်းနောက် အတည်ပြုခန့်ထားရန်အတွက် အထက်လွှတ်တော်တရားရေး ကော်မတီက ကြားနာနေစဉ် ကာဗာနော့သည် ၄င်းအပေါ် လိင်မှုစော်ကားခဲ့ကြောင်း စိတ်ပညာပါမောက္ခ ခရစ္စတင်း ဘာစလေဖို့ဒ်က ထွက်ဆိုခဲ့ကာ ရီပတ်ဘလီကန်အမတ် ဂျက်ဖ်ဖလိတ်ကလည်း တောင်းဆိုလာပြီးနောက် စွပ်စွဲမှုနှင့်ပတ်သက်၍ အက်ဖ်ဘီအိုင်က စုံစမ်းစစ်ဆေးရန် သမ္မတထရမ့်က စက်တင်ဘာ ၂၈ ရက်က ညွန်ကြားခဲ့သည်။
    ကာဗာနော့သည် လိင်မှုအနိုင်ကျင့်မှု ကျူးလွန်ခဲ့ကြောင်း စွပ်စွဲသူအမျိုးသမီး အနည်းဆုံး လေးဦးရှိလာပြီဖြစ်ကာ ယင်းအနက် ယေးတက္ကသိုလ်ကျောင်းသူဘဝတွင် ကာဗာနော့၏လိင်မှုစော်ကားခြင်းခံခဲ့ရသူဟုစွပ်စွဲခဲ့သည့် ဒီဘိုရာ ရာမီရက်ဇ်ကို အက်ဖ်ဘီအိုင်က တွေ့ဆုံမေးမြန်းခဲ့ခြင်းဖြစ်သည်။
    ကာဗာနော့အား လူသိရှင်ကြား တတိယမြောက်စွပ်စွဲသူမှာ ဂျူလီဆွဲ့နစ်ခ်ဖြစ်ပြီး ၁၉၈၀ ပြည့်လွန်နှစ်များက အိမ်များတွင် ကျင်းပခဲ့သည့် ပါတီပွဲများတွင် မိန်းကလေးများအား အုပ်စုလိုက် လိင်မှုစော်ကား အနိုင်ကျင့်ခဲ့သူများတွင် ကာဗာနော့သည် တစ်ဦး အပါအဝင် ဖြစ်ကြောင်း စွပ်စွဲခဲ့ခြင်းဖြစ်သည်။ 
    ကာဗာနော့အားခန့်အပ်ရန် တရားရေးကော်မတီက အတည်ပြုခဲ့ပြီဖြစ်သော်လည်း အထက်လွှတ်တော်တစ်ရပ်လုံးက မဲခွဲအတည်ပြုရန်မှာ အနည်းဆုံးတစ်ပတ် ရွှေ့ဆိုင်းထားရပြီဖြစ်သည်။