ဘောလုံးအဖွဲ့ချုပ် နည်းစနစ်ဒါရိုက်တာရာထူး၌ အဲရစ်အပ်ရန်ကို သုံးနှစ်စာချုပ်ဖြင့် ခန့်အပ်

ဘောလုံးအဖွဲ့ချုပ် နည်းစနစ်ဒါရိုက်တာရာထူး၌ အဲရစ်အပ်ရန်ကို သုံးနှစ်စာချုပ်ဖြင့် ခန့်အပ်

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တွင် လစ်လပ်လျက်ရှိသည့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် နည်းစနစ်ဒါရိုက်တာရာထူးနေရာ၌ ဘယ်လ်ဂျီယံနိုင်ငံသား အဲရစ်အပ်ရန်ကို သုံးနှစ်စာချုပ်ဖြင့် ခန့်အပ်ခဲ့ပြီး မိတ်ဆက်ပွဲအခမ်းအနားနှင့် သတင်းစာရှင်းလင်းပွဲကို အောက်တိုဘာ ၂ရက် မွန်းလွဲ ၂နာရီတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

စာချုပ်ချုပ်ဆို

နည်းစနစ်ဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင်မည့် အဲရစ်သည် မြန်မာနိုင်ငံသို့ စက်တင်ဘာ ၂၉ရက်က ရောက်ရှိလာခဲ့ပြီး အောက်တိုဘာ ၁ရက်(ယနေ့)တွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် သုံးနှစ်စာချုပ်ချုပ်ဆိုမည်ဖြစ်သည်။ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဦးဇော်ဇော်သည် အဲရစ်နှင့်အတူ စက်တင်ဘာ ၃၀ရက်က အမျိုးသားလက်ရွေးစင်အသင်းအား တွေ့ဆုံနုတ်ဆက်ခဲ့ပြီး နိုင်ငံ့အတွက် အစွမ်းကုန်ကြိုးစားပေးရန် တိုက်တွန်းခဲ့သည်။

ရလဒ်ကောင်းဖို့အဓိက

" နည်းစနစ်ဒါရိုက်တာအဖြစ် ခန့်အပ်မယ့်အဲရစ်က ဘယ်လ်ဂျီယံမှာ အောင်မြင်မှုတွေရခဲ့သလို ကစားသမားကောင်းတွေလည်း မွေးထုတ်နိုင်ခဲ့တယ်။ ဥက္ကဋ္ဌတို့ဘက် ဖြည့်ဆည်းပေးနိုင်သမျှ အကုန်လုပ်ပေးနေပေမယ့် ကစားသမားတွေဘက်က မကြိုးစားဘူးဆိုရင် ဘာမှဖြစ်လာမှာမဟုတ်ဘူး။ သေသေချာချာကြိုးစားပြီး နိုင်ငံအတွက် အောင်မြင်မှုတွေယူပေးဖို့လိုတယ်။ ရလဒ်ကောင်းဖို့က အဓိကပဲ။ တိုင်းပြည်ကအရမ်းဆင်းရဲတယ်။ ဘာပြစရာမှမရှိဘူး။ အဲဒီတော့ ဥက္ကဋ္ဌတို့နဲ့အတူ အပင်းပန်းခံပြီး လုပ်ပေးကြပါ။ဒါမှ ဥက္ကဋ္ဌတို့လည်း ပင်ပန်းရကျိုး၊အကုန်အကျခံရကျိုးနပ်မယ်" ဟု ဆိုခဲ့သည်။

တာဝန်ထမ်းဆောင်ခဲ့ဖူး

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နည်းစနစ်ဒါရိုက်တာအဖြစ် တာဝန်ယူမည့် အဲရစ်သည် သြစတြေးလျဘောလုံးနည်းစနစ်ဒါရိုက်တာအဖြစ် နောက်ဆုံးတာဝန်ယူခဲ့ပြီး ၎င်းသည် ၂၀ဝ၂ခုနှစ်မှ ၂၀၁၃ခုနှစ်အထိ ဘယ်လ်ဂျီယံ ယူ-၁၅နှင့် ယူ-၁၇အသင်းနည်းပြချုပ်အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။ အဲရစ်သည် လက်ရှိ ဘယ်လ်ဂျီယံရွေရောင်မျိုးဆက်အဖြစ် ထင်ရှားလျက်ရှိသည့် လူကာကူ၊ အီဒင်ဟာဇက်၊ဒီဘရိုင်း ကော်တိုစ့်စသည့်ကစားသမားများကို ဘောလုံးပညာများ သင်ကြားပို့ချပေးခဲ့ဖူးသူတစ်ဦးဖြစ်သည်။

 



ဖတ်ရှုမှုအများဆုံး