ဆန်ရှင်(sanction)များ ဆက်လက်ချမှတ်ထားပါက နျူကလီးယားလက်နက်များ ဖျက်သိမ်းမည်မဟုတ်ဟု မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဆို

ဆန်ရှင်(sanction)များ ဆက်လက်ချမှတ်ထားပါက နျူကလီးယားလက်နက်များ ဖျက်သိမ်းမည်မဟုတ်ဟု မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဆို

အမေရိကန်က ဆန်ရှင်(sanction)များ ဆက်လက်ချမှတ်ထားပါက မြောက်ကိုရီးယားအနေဖြင့် နျူလက်နက်များ ဖျက်သိမ်းရေး အကောင်အထည်ဖော်နိုင်ဖွယ်မရှိကြောင်း မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးက ကုလသမဂ္ဂ အထွေထွေညီလာခံတွင် ပြောကြားလိုက်သည်။ 

ဆန်ရှင်များကြောင့် မြောက်ကိုရီးယားအနေဖြင့် အမေရိကန်အပေါ် မယုံကြည်မှု မြင့်တက်နေရကြောင်း နိုင်ငံခြားရေးဝန်ကြီး ရီ ယွန်ဟိုက ပြောကြားလိုက်သည်။ အမေရိကန်နှင့် ကုလသမဂ္ဂတို့၏ ဆန်ရှင်များ ရုပ်သိမ်းပေးရန် မြောက်ကိုရီးယားက အစဉ်တစိုက် တောင်းဆိုလျက်ရှိပြီး ရုရှားနှင့် တရုတ်တို့က ထောက်ခံထားကြသည်။ 
    အမေရိကန်အစိုးရကမူ မြောက်ကိုရီးယား နျူကလီးယား ဖျက်သိမ်းပြီးသည်အထိ ဆန်ရှင်များ ချမှတ်ထားမည်ဟု ဆိုထားသည်။ ယခုနှစ် ဇွန်လတွင် စင်ကာပူ၌ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်တို့ တွေ့ဆုံခဲ့ပြီး ကင်ဂျုံအွန်က နျူကလီးယား ဖျက်သိမ်းရေး ကတိပြုခဲ့သည်။ 
    အမေရိကန်သည် ဆန်ရှင်များကို လျှော့မပေးသဖြင့် နှစ်နိုင်ငံကြား ယုံကြည်မှု တည်ဆောက်ရေး အဟန့်အတားဖြစ်နေရခြင်းသည် စင်ကာပူ ဆွေးနွေးပွဲနောက်ပိုင်း နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်မှု နှေးကွေးနေရခြင်း အဓိကအချက်ဖြစ်သည်ဟုလည်း မစ္စတာ ရီက ပြောသည်။ 
    အမေရိကန်အပေါ် မယုံကြည်နိုင်လျှင် မိမိတို့ နိုင်ငံ လုံခြုံရေးအတွက်လည်း စိတ်မချနိုင်သဖြင့် မြောက်ကိုရီးယားအနေဖြင့် တစ်ဖက်သတ် နျူကလီးယား ဖျက်သိမ်းရန် ဖြစ်နိုင်ခြေမရှိကြောင်း နိုင်ငံခြားရေးဝန်ကြီး ရီက ပြောသည်။ 
    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကမူ တရုတ်သည် ပြီးခဲ့သည့်လပိုင်းများအတွင်း အမေရိကန်နှင့် ကုန်သွယ်ရေး တင်းမာမှု မြင့်တက်အောင် ဖန်တီးကာ မြောက်ကိုရီးယား နျူကလီးယား ဖျက်သိမ်းရေး လုပ်ငန်းများ နှောင့်နှေးအောင် လုပ်နေသည်ဟု စွပ်စွဲထားသည်။