ရွှေဆွဲကြိုးလုယက်မှုကျုးလွန်သူ ၅ ဦးကို သက်ဆိုင်ရာက ဖမ်းဆီးစစ်ဆေးခဲ့ရာမှ ရွှေဆွဲကြိုးလုယက်မှု ၁၀ မှု ပေါ်ပေါက်ခဲ့ကြောင်း စက်တင်ဘာ ၂၉ ရက်တွင် သက်ဆိုင်ရာက သတင်းထုတ်ပြန်သည်။
ဖြစ်စဉ်မှာ သြဂုတ် ၃၁ ရက်နေ့ နံနက် ၇ နာရီခွဲခန့်တွင် အင်းစိန်မြို့နယ်နေ အမျိုးသမီးတစ်ဦးသည် ခင်ပွန်းဖြစ်သူနှင့်အတူ အပြင်သို့သွားရန်စက်ဘီးဖြင့်ထွက်လာခဲ့သည်။ထိုစဉ် ပုလဲလမ်း အမေဇုန်ကွန်ကရစ် အုတ်စက်ရုံရှေ့အရောက်တွင် အနောက်မှ အမည်မသိလူ(၂)ဦးဆိုင်ကယ်၁ စီးဖြင့် လိုက်ပါလာကြောင်း သိရသည်။ထို့နောက် ၎င်းတို့အနီးအရောက် လည်ပင်းတွင် ဆွဲထားသည့် (၁)ကျပ်သားရှိ ခရုပုံစိန်စီလော့ကတ်သီးပါ ရွှေဆွဲကြိုး (၁) ကုံးကို လုယူထွက်ပြေးမောင်းနှင်ခဲ့သောကြောင့် အရေးယူပေးရန် တိုင်ကြားခဲ့သည်။ အင်းစိန်မြို့မရဲစခန်းက (ပ)၁၇၈၂/၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၈၂ အရ အမှုဖွင့်စုံစမ်းခဲ့သည်။
စက်တင်ဘာ ၂၂ ရက်နေ့ နံနက် ၁၁ နာရီခွဲခန့်တွင် မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းနှိမ်နင်း ရေးဌာနစုမှ တပ်ဖွဲ့ဝင်များသည် အင်းစိန်မြို့နယ်၊ (၁၄)လမ်းဆုံမီးပွိုင့်အနီးတွင် မသင်္ကာသူလှိုင်သာယာမြို့နယ်၊ အလယ်ရွာနေ ရဲလင်း(ခ)အားကြီး (၂၄)နှစ်နှင့် ခရေလမ်းနေ သက်ဝေဖြိုး(ခ) နိုင်းနိုင်း(၂၅)နှစ်တို့(၂)ဦးကို ဖမ်းဆီးစစ်ဆေးခဲ့ရာ အင်းစိန်ရဲစခန်းမှ စုံစမ်းလျက်ရှိသည့်အမှု ပေါ်ပေါက်ခဲ့သည်။ ထိုသို့ကျူးလွန်ရာတွင် ၄င်းတို့နှင့်အတူ တစ်ရပ်ကွက်တည်းနေ ချမ်းမြေ့အောင် (ခ) ကိုဦး (၂၁နှစ်)၊ အောင်ဖြိုးသူ(ခ)ရဲကြီး(၂၃နှစ်)၊ ရန်ကျော် (ခ)မိုက်ခဲ (၂၄နှစ်)တို့ကို ၄င်းတို့ နေအိမ်များမှ ဆက်လက်ဖမ်းဆီးခဲ့သည်။
၎င်းတို့ကိုစစ်ဆေးချက်များအရ ၎င်းတို့မှာ(၃)ယောက်တစ်ဖွဲ့၊ (၂)ယောက်တစ်ဖွဲ့ဖြင့်ဇွန်လမှ စက်တင် ဘာလများအတွင်း လှိုင်သာယာမြို့နယ်အတွင်းရွှေလင်ဗန်းစက်မှုဇုန်များတွင် အလုပ်လုပ်ကိုင်သူ အမျိုးသမီးများထံမှ ရွှေဆွဲကြိုး (၅)ကုံး၊ အင်းစိ်န်မြို့နယ်အတွင်းမှ ရွှေဆွဲကြိုး ၂ ကုံး၊ မင်္ဂလာဒုံမြို့ နယ်အတွင်းမှ ၁ကုံး၊ ရွှေပြည်သာမြို့နယ်အတွင်းမှ ရွှေဆွဲကြိုး ၁ ကုံး တို့ကို လုယက်ခဲ့ကြောင်း ပေါ် ပေါက်ခဲ့သည်။
သက်ဆိုင်ရာက ဖော်ထုတ်ခဲ့သည့် အဆိုပါရွှေဆွဲကြိုးလုယက်မှု (၁၀)မှု အနက်(၃)မှုမှာ အင်းစိန်၊ ရွှေပြည်သာ၊လှိုင်သာယာမြို့မရဲစခန်းများတွင် အမှုရေးဖွင့်ထားသည့် စုံစမ်းဆဲအမှုများဖြစ်ကြောင်း သိရပြီး ၄င်းတို့ ၅ ဦးလုယက်ခဲ့သည့် ရွှေဆွဲကြိုးများကို ပြန်လည်သိမ်းဆည်းကာ ဆက်လက်စစ်ဆေးလျက်ရှိသည်။

















