ကားရပ်နားသည့်ကိစ္စ စကားများရာက အငှားယာဉ်မောင်း တစ်ဦးကို ဝိုင်းဝန်းထိုးကြိတ်ခဲ့သူ ၃ ဦးကိုဖမ်းမိ

ကားရပ်နားသည့်ကိစ္စ စကားများရာက အငှားယာဉ်မောင်း တစ်ဦးကို ဝိုင်းဝန်းထိုးကြိတ်ခဲ့သူ ၃ ဦးကိုဖမ်းမိ

ကမာရွတ်မြို့နယ်တွင် ကားရပ်နားသည့်ကိစ္စ စကားများရာက အငှားယာဉ်မောင်း တစ်ဦးကို ဝိုင်းဝန်းထိုးကြိတ်ခဲ့သူ သုံးဦးကို သက်ဆိုင်ရာထံ အမှုဖွင့်တိုင်ကြားပြီးနောက် စက်တင်ဘာ ၂၉ ရက်တွင် ဖမ်းဆီးခဲ့ကြောင်းရဲတပ်ဖွဲ့က သတင်းထုတ် ပြန်ထားသည်။ 

 စက်တင်ဘာ၂၇ ရက်တွင်  လူမှုကွန်ရက်စာမျက်နှာပေါ်တွင်  Khant Min Thant (TAXI ပိုင်/မောင်းများ စုဝေးရာ O & D ) အကောင့်ပိုင်ရှင်က “မနေ့ည ၉ နာရီခွဲလောက်မှာ လှည်းတန်း ဦးထွန်းလွန်းခြံ လမ်းထိပ်မှ ကားရပ်ထားတယ်၊ အဲဒါ နောင်နောင်ဆိုတဲ့ လူမိုက်က ဒီနေရာက ထွက်မလား၊ မထွက်ဘူးလားလို့ မေးတယ်၊ အဲဒါနဲ့ အကို ဘာမလွတ်လို့လဲပေါ့လို့မေးလိုက်တယ်၊ လွတ်လွတ် မလွတ်လွတ် ငါဖယ်ခိုင်းရင်ဖယ် ကွာတဲ့၊ ငါကို မင်းက ပြန်ပြောတာလားဆိုပြီး စထိုးပါတယ်၊ ကျွန်တော်လဲ ၀ိတ်ချင်းမမျှတော့ကာပဲ ကာနိုင်ခဲ့တယ်ဗျာ၊ ဒါနဲ့ ကျွန်တော်က ရဲခေါ်မယ်ဆိုပြီး ဖုန်းဆက်မလို့လုပ်ကော နောက်ကနေပြေးလာပြီး တစ်ယောက် ကချုပ် ငါးယောက်ကဝိုင်းထိုးတာဗျာ…..” စသည်ဖြင့် ရရှိထား သောဒဏ်ရာကိုဖော်ပြသည့် အကူညီတောင်းခံသည့်စာသားကို လွင့်တင်ခဲ့သည်။ 

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍  ဒဏ်ရာရရှိသူ လှိုင်သာယာမြို့နယ်နေ ယာဉ်မောင်းက အမှုဖွင့်တိုင်ကြားခဲ့သဖြင့် ကမာရွတ်မြို့မရဲစခန်း (ပ)၆၆၆/၁၈၊ ရာဇသတ်ကြီးပုဒ်မ ၂၉၄/၃၂၅/ ၅၀၆/၁၁၄ အရ အမှုဖွင့် အရေးယူဆောင်ရွက်ခဲ့သည်။

တိုင်ကြားမှုနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးခဲ့ပြီး စက်တင်ဘာ ၂၉ ရက်တွင် ကမာရွတ်မြို့နယ်နေ ဝက်သားလုံးကြော်ရောင်းချသူ နောင်နောင်၊ (၂၇)နှစ်၊ ကိုကိုမောင်(နောင်နောင်၏အစ်ကို)၊ (၂၉)နှစ်၊ နှင့် စိုးမိုးအောင်(နောင်နောင်၏ဆိုင်လုပ်သား)၊ (၁၉)နှစ် တို့ ကို အမှုဖြင့်ဖမ်းဆီး အရေးယူခဲ့ကြောင်းသိရသည်။