မြောက်အမေရိက လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူစာချုပ် ပြင်ဆင်ရန် အမေရိကန်နှင့် ကနေဒါတို့ သဘောတူညီချက် ရရှိ

မြောက်အမေရိက လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူစာချုပ် ပြင်ဆင်ရန် အမေရိကန်နှင့် ကနေဒါတို့ သဘောတူညီချက် ရရှိ

မြောက်အမေရိက လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူစာချုပ် (နတ်ဖ်တာ) ကို ပြင်ဆင်ချုပ်ဆိုရန် အမေရိကန်နှင့် ကနေဒါတို့ သဘောတူညီချက် ရရှိပြီဖြစ်ကြောင်း သိရသည်။ 

သဘောတူချက်အရ ကနေဒါ၏ နို့ထွက်ပစ္စည်းဈေးကွက်သို့ အမေရိကန်က ပိုမိုဝင်ရောက်ခွင့်ရမည်ဖြစ်သလို၊ ကနေဒါဘက်က အမေရိကန်သို့ မော်တော်ယာဉ်များ တင်သွင်းမှုကို အခွန်တိုးကောက်မည့်အရေးမှလည်း ရှောင်ရှားနိုင်မည်ဖြစ်သည်။ အမေရိကန်၊ ကနေဒါနှင့် မက္ကဆီကိုတို့အကြား နတ်ဖ်တာ စာချုပ်အရ ကုန်သွယ်မှုတန်ဖိုးသည် ဒေါ်လာ ၁ ထရီလီယံဖိုးကျော်ရှိသည်။ 
    အမေရိကန်နှင့် မက္ကဆီကိုတို့သည် စာချုပ်တွင် သဘောတူချက်သစ်များ ပြင်ဆင်ထည့်သွင်းရန် သဘောတူထားပြီးဖြစ်ကာ ကနေဒါနှင့် နောက်ဆုံးအချိန်တွင်မှ သဘောတူချက် ရရှိခဲ့ခြင်းဖြစ်သည်။ 
    "ဒီနေ့မှာတော့ ခေတ်မီ ကုန်သွယ်ရေးနဲ့အညီ နတ်ဖ်တာ စာချုပ်ကို ပြင်ဆင်ဖို့ အမေရိကန်နဲ့ ကနေဒါတို့ သဘောတူချက် ရရှိခဲ့ပါပြီ" ဟု အမေရိကန် ကုန်သွယ်ရေး တာဝန်ရှိသူ ရောဘတ် လိုင်သီဇာနှင့် ကနေဒါ နိုင်ငံခြားရေးရာ လုပ်ငန်းများဆိုင်ရာ ဝန်ကြီး ခရစ်စတီယာ ဖရီးလန်းတို့က ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့သည်။ 
    "သဘောတူညီချက်အသစ်တွေကြောင့် အဖွဲ့ဝင်သုံးနိုင်ငံက အလုပ်သမားတွေ၊ လယ်သမားတွေ၊ မွေးမြူရေးသမားတွေ၊ စိုက်ပျိုးရေးသမားတွေ၊ စီးပွားလုပ်ငန်းရှင်တွေဟာ ပိုလွတ်လပ် မျှတတဲ့ အဆင့်မြင့်မြင့် ကုန်သွယ်ရေးဈေးကွက်ထဲမှာ လုပ်ကိုင်နိုင်ကြတော့မှာ ဖြစ်ပါတယ်" ဟု ပူးတွဲကြေညာချက်တွင် ဖော်ပြထားသည်။ 
    မည်သည့်အချက်များကို ပြင်ဆင်ချုပ်ဆိုမည်ကိုမူ ပူးတွဲကြေညာချက်တွင် ထည့်သွင်းဖော်ပြထားခြင်း မရှိပေ။ ကနေဒါ၏ နို့ထွက်ပစ္စည်း လုပ်ငန်းနှင့် မော်တော်ယာဉ်တင်ပို့မှု လုပ်ငန်းများဆိုင်ရာ အချက်များကို အဓိက ပြင်ဆင်ချုပ်ဆိုဖွယ်ရှိကြောင်း သိရသည်။ အမေရိကန် လယ်သမားများအနေဖြင့် ကနေဒါ နို့ထွက်ပစ္စည်းဈေးကွက် ၃ ဒသမ ၅ ရာခိုင်နှုန်းခန့်တွင် ကုန်သွယ်လုပ်ကိုင်ခွင့် ရနိုင်သလို၊ ကနေဒါအနေဖြင့်လည်း အမေရိကန်သို့ ကားများ တင်ပို့ရာတွင် အခွန်လျှော့ပေါ့ ခံစားခွင့်များ ရရှိဖွယ်ရှိကြောင်း ဈေးကွက်ကျွမ်းကျင်သူများက သုံးသပ်ထားသည်။ 
     အမေရိကန်သည် မက္ကဆီကိုနှင့် သြဂုတ်လတွင် နတ်ဖ်တာ သဘောတူညီချက် ရရှိခဲ့သော်လည်း ကနေဒါနှင့် သဘောတူညီချက် စောစီးစွာ ရယူနိုင်ခြင်း မရှိခဲ့ဘဲ ကုန်သွယ်ရေး အကြောင်းပြုကာ နှစ်နိုင်ငံကြား ဆက်ဆံရေးများ ဆိုးရွားခဲ့ရသည်။