ဂျပန်သို့ တိုင်ဖွန်းဝင်ရောက်တိုက်ခတ်၍ ၂ ဦးသေ၊ ၁၂၀ ကျော် ဒဏ်ရာရ

ဂျပန်သို့ တိုင်ဖွန်းဝင်ရောက်တိုက်ခတ်၍ ၂ ဦးသေ၊ ၁၂၀ ကျော် ဒဏ်ရာရ

အားပြင်း ထရာမီ တိုင်ဖွန်းမုန်တိုင်းသည် ဂျပန်နိုင်ငံသို့ စက်တင်ဘာ ၃၀ ရက်က စတင်ဝင်ရောက်ခဲ့ကာ မိုးသက်လေပြင်းများတိုက်ခတ်ခဲ့၍ လူ ၂ ဦး သေဆုံးပြီး ၁၂၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ 

ထရာမီ တိုင်ဖွန်းမုန်တိုင်းကြောင့် ကမ္ဘာ့စီးပွားအင်အား တတိယအကြီးဆုံး ဂျပန်တွင် ပို့ဆောင်ဆက်သွယ်ရေးများ ထိခိုက်ခဲ့ရသည်။ ကျည်ဆန်ရထားများ ရပ်နားထားခဲ့ရသလို၊ လေယာဉ်ခရီးစဉ် ၁၀ဝ၀ ကျော်ကိုလည်း ဖျက်သိမ်းခဲ့ရပြီး၊ တိုကျိုတွင် ညနေခင်း မြို့ပတ်ရထား ပြေးဆွဲမှုများလည်း ကမောက်ကမဖြစ်ခဲ့ရသည်။ ဂျပန်အနောက်ပိုင်း တိုတိုရီတွင် မြေပြိုမှုကြောင့် တစ်ဦး သေဆုံးကာ၊ တိုကျိုအနောက်ပိုင်း ယာမာနာရှိတွင်လည်း ရေနစ်ကာ တစ်ဦး သေဆုံးခဲ့သည်။ နောက်ထပ် နှစ်ဦးလည်း ပျောက်ဆုံးနေဆဲဖြစ်ပြီး၊ အားပြင်းမုန်တိုင်းကြောင့် လူ ၁၂၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်းလည်း အင်န်အိပ်ချ်ကေ သတင်းဌာနက ဖော်ပြသည်။ 
    ဂျပန်အနောက်ပိုင်း အိုကီနာဝါကျွန်းကို တိုက်ခတ်ပြီးနောက် တိုင်ဖွန်း ထရာမီသည် ဂျပန် အနောက်ပိုင်း ကမ်းရိုးတန်းကို စက်တင်ဘာ ၃၀ ညပိုင်း၌ စတင်ဝင်ရောက်ခဲ့သည်။ တိုင်ဖွန်း ထရာမီသည် လေတိုက်နှုန်း တစ်နာရီလျှင် ၂၁၆ ကီလိုမီတာထိ ရှိခဲ့ကာ အောက်တိုဘာ ၁ ရက်တွင်လည်း အနည်းငယ်သာ အားပျော့သေးပြီး ဂျပန်နိုင်ငံအပေါ် ဖြတ်ကျော်တိုက်ခတ်လျက်ရှိနေသည်။ 
    တိုင်ဖွန်းကြောင့် မိုးကြီး ရေကြီး မြေပြိုမှုများ ဖြစ်ပွားလာနိုင်ကြောင်း အာဏာပိုင်များက သတိပေးထားပြီး၊ ဒေသခံ ၄ သန်းခန့်ကို လိုအပ်ပါက ရွှေ့ပြောင်းရန် သတိပေးချက်များ ထုတ်ပြန်ထားကြောင်း သိရသည်။ ဂျပန် အနောက်ဘက်ကမ်းရိုးတန်းဒေသများရှိ အိမ်ထောင်စု ခုနစ်သိန်းခွဲကျော်သည် လေပြင်းကြောင့် လျှပ်စစ်ဓာတ်အားများ ပြတ်တောက်နေသလို၊ ဖုန်းလိုင်းများလည်း တစ်စိတ်တစ်ပိုင်း ပြတ်တောက်လျက်ရှိကြောင်း သိရသည်။ 
    တိုင်ဖွန်း ထရာမီသည် မြို့တော် တိုကျိုကို တိုက်ရိုက်ဝင်ရောက်ခြင်း မရှိသည့်တိုင် မုန်တိုင်းအဖျားခတ်ကာ မိုးသက်လေပြင်းများ ကျရောက်သဖြင့် ကမ္ဘာ့လူအထူထပ်ဆုံး တိုကျိုလမ်းမများသည် စက်တင်ဘာ ၃၀ ညနေပိုင်းနှင့် ညပိုင်းတွင် ရှင်းလင်း ခြောက်ကပ်နေခဲ့ကြောင်းလည်း တွေ့ရသည်။