တိုးပွားလာသည့် ပြည်သူလူထုဦးရေနှင့်နှိုင်းယှဉ်ပါက အုပ်ချုပ်ရေးအဖွဲ့၊ ရဲတပ်ဖွဲ့ဝင်အင်အား အချိုးညီမျှမှု မရှိဘဲ ခေတ်မီနည်းပညာအကူညီကိုရယူကာ ပြည်သူကိုစောင့်ရှောက်နေရသည့် ရဲတပ်ဖွဲ့ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။
အောက်တိုဘာ (၁)ရက်က ပြုလုပ်သည့် (၅၄)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့ခြင်းဖြစ်သည်။
'' တရားဥပဒေစိုးမိုးရေးကို တည်ဆောက်တဲ့နေရာမှာ ရဲတပ်ဖွဲ့၊ထွေအုပ်တို့နဲ့လူထုက ဟန်ချက်ညီညီ ပေါင်းဆက်ဆောင်ရွက်ရမှာပါ။ ဥပဒေစိုးမိုးမှုမရှိရင် ဒီမိုကရေစီနိုင်ငံကို တည်ဆောက်လို့ မရနိုင်သလို လူ့အခွင့် အရေးကိုလည်းအကာကွယ်မပေးနိုင်ဘူး။ဥပဒေချိုးဖောက်မှုကို ဥပဒေအတိုင်း လုပ်ထုံးလုပ် နည်းနဲ့ အညီဆောင်ရွက်ရမယ်။ ဥပဒေရေးဆွဲတာ ပြည်သူကိုနှိပ်ကွပ်ဖို့မဟုတ်ဘူး။ အကာအကွယ် ပေးဖို့ဖြစ်ပါတယ်။ ဥပဒေချိုးဖောက်တဲ့သူကို ကျောသားရင်သားမခွဲခြားဘဲဆောင်ရွက်ရမှာဖြစ်ပါတယ်" ဟု အဆိုပါအခမ်းအနားတွင် ဝန်ကြီးချုပ်က ထည့်သွင်းပြောကြားခဲ့သည်။
အသက်ခန္ဓာကိုယ်ကျိုးအနစ်နာခံစွန့်လွှတ်ပြီး ရဲတပ်ဖွဲ့ဂုဏ်သိက္ခာမြှင့်တင်ပြီး တာဝန်ယူဆောင် ရွက်ကြတဲ့ တပ်ဖွဲ့ဝင်တွေရှိသလို ဥပဒေနဲ့မညီတဲ့လုပ်ရပ်တွေကြောင့် တပ်ဖွဲ့မှာဂုဏ်သိက္ခာငြှိုးနွမ်းစေမှုတွေကို ပြန်လည်ဆင်ခြင်ဆောင်ရွက်ရမည်ဖြစ်ပြီး မိမိတို့ရာထူးလုပ်ပိုင်ခွင့်ကို အသုံးချကာ အဂတိပြုလုပ်ခြင်းကို ရှောင်ကျဉ်တဲ့ တပ်ဖွဲ့ဝင်ကောင်းတွေဖြစ်အောင်ဆောင်ရွက်ဖို့လိုတယ်ဟု ရဲချုပ်၏ သဝဏ်လွှာတွင် ဖော်ပြထားသည်။
" ရန်ကုန်တိုင်းမှာ အရင်နှစ်တွေထက်စာရင် မှုခင်းကြိုတင်ကာကွယ်မှု အားကောင်းတဲ့ အတွက် ကြောင့် မှုခင်းဖြစ်စဉ်တွေလျော့နည်းမှုရှိလာတယ်။ မှုခင်းဖော်ထုတ်တဲ့ ရဲတပ်ဖွဲ့ဝင်တွေကိုလည်း ဒီနေ့ အခမ်းအနားမှာ ဂုဏ်ပြုဆုနဲ့ အမှုထမ်းကောင်းလက်မှတ်တွေချီးမြှင့်ခဲ့တယ်" ဟု ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့ ဦးစီးအရာရှိ(ပထမတန်း) ဒုတိယရဲမှူးကြီးလှရီက ပြောသည်။
'' နေ့ပိုင်းတွေမှာ မီးတန်းယာဉ်လှည့်ကင်း၊ စက်ဘီး ဆိုင်ကယ်လှည့်ကင်း၊ ညနေ ၅ ခွဲကနေစပြီး ဆိုင်ကယ် လှည့်ကင်း၊ မော်တော်ယာဉ်လှည့်ကင်း၊ စခန်းမှူး ၊မြို့နယ်မှူး၊ စခန်းမှူး ခရိုင်မှူး၊ ဒုတိုင်းရဲ တပ်ဖွဲ့မှူး၊ တိုင်း တပ်ဖွဲ့မှူးတွေက မြို့နယ်အလိုက် လှည့်ကင်းဆောင်ရွက်မှုတွေကို ဆောင်ရွက်နေတယ်။၊ စခန်းမှူးနဲ့မြို့ နယ်မှူး တွေက ညပိုင်းတွေမှာ အချိန် ၂ ပိုင်းခွဲပြီး ကိုယ့်မြို့နယ်အတွင်း စစ်ဆေးမှုတွေလုပ်ရသလိုကင်းတာဝန်ချထားတဲ့နေရာတွေကိုလည်းစစ်ဆေးရတယ်။ ခရိုင်ရဲတပ်ဖွဲ့မှူးကတော့ သူ့ခရိုင်အလိုက်လှည့်ကင်းတွေဆောင်ရွက်ရတယ်။ အများပြည်သူတွေအိပ်မောကျနေချိန်မှာ လုံခြုံရေးအတွက် ဆောင်ရွက်နေကြတာတွေရှိပါတယ်''ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ အဆင့်မြင့်ရဲအရာရှိတစ်ဦးက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂ဝ၁၇ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ သြဂုတ်လ ၃၁ရက် အထိ အမှုကြီး ၃ဝဝ၊ အခြားအမှု ၁ဝ၅၆၁မှုနှင့် ကြိုတင်ကာကွယ်မှုပေါင်း ၃၆၆၂၂ ဖြစ်ပွားခဲ့ပြီး ၂ဝ၁၈ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ သြဂုတ်လ ၃၁ ရက်အထိအမှုကြီး ၃၇၃ မှု၊အခြားအမှု ၁၁၆၄၁ မှုနှင့်ကြိုတင်ကာကွယ်မှုပေါင်း ၃၁၈၆၂ မှု တို့ဖြစ်ပွားခဲ့ကြောင်း သိရသည်။
၂ဝ၁၇ နှင့် ၂ဝ၁၈ ခုနှစ် ၈ လချုပ်နှိုင်းယှဉ်ချက်အရ ယခုနှစ်တွင် အမှုကြီး ၇၃ မှု နှင့် အခြားအမှု ၁ဝ၈ဝ မှုတို့တိုးလာခဲ့ပြီး ကြိုတင်ကာကွယ်မှုကြောင့် အမှုပေါင်း ၄၇၆ဝ မှု လျော့နည်းသွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့၏ စာရင်းများအရ သိရသည်။ ရန်ကုန်တိုင်းဒေသကြီး အတွင်း မှုခင်းလျော့နည်းကျဆင်းရေးလုပ်ငန်းများကို ရဲတပ်ဖွဲ့က အလျင်အမြန်သိရှိ ထိန်းချုပ်နိုင်ရန် စီစီတီဗီများတပ်ဆင်အသုံးပြုဆောင်ရွက်နေပြီဖြစ်ပြီး အဆိုပါဖြစ်စဉ်များကို ထိန်းချုပ်ကွပ်ကဲနိုင်ရန် ခေတ်မီခန့်ညားသည့် တိုင်းဒေသကြီးရဲတပ်ဖွဲ့ မှူးကြီးရုံးကို လာမည့် အောက်တိုဘာဘတ်ဂျက်တွင် တိုင်းဒေသကြီးလွှတ်တော်ဝင်းအတွင်း အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောကြားသည်။
















