ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ်အဖြစ် ဒေါ်ခင်မျိုးကြည်ကို နိုင်ငံတော်သမ္မတက ခန့်အပ်ကြောင်း တာဝန်ပေးအပ်ပြီးဖြစ်သည်ဟု လွှတ်တော်သို့ တင်ပြမှုကြောင့် ၂၀၁၃ ခုနှစ် တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၅၅ အရ တိုင်းဒေသကြီး ဥပဒေချုပ်က လွှတ်တော်ဥက္ကဌ၏ ရှေ့မှောက်တွင် ကတိကဝတ်ပြုခြင်း၊ ကတိသစ္စာပြုခြင်းနှင့် လက်မှတ်ထိုးခြင်းကို အောက်တိုဘာ ၁ရက် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေး၌ ပြုလုပ်ခဲ့သည်။
ဒေါ်ခင်မျိုးကြည်အား လစ်လပ်နေသည့် ရန်ကုန်တိုင်းဒေသကြီးဥပဒေချုပ်နေရာတွင် ခန့်အပ်ရန် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက စက်တင်ဘာ ၂၆ရက် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးတွင် အမည်စာရင်း တင်သွင်းခဲ့သည်။ ထိုသို့တင်သွင်းခဲ့ရာတွင် ကန့်ကွက်လိုက အချက်အလက်ထောက်ပြ ကန့်ကွက်ရန် လွှတ်တော် ဥက္ကဠ ဦးတင်မောင်ထွန်းက ဖိတ်ခေါ်ထားသော်လည်း ကန့်ကွက်မည့်သူမရှိသဖြင့် ဒေါ်ခင်မျိုးကြည်ကို ဥပဒေချုပ်အဖြစ် ခန့်အပ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းက စက်တင်ဘာ ၂၇ ရက် လွှတ်တော်အစည်းအဝေး၌ ကြေညာခဲ့သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၈ ၊ ပြည်ထောင်စု အစိုးရ အဖွဲ့ဥပဒေပုဒ်မ ၈၂ ၊ ပုဒ်မခွဲ (င) ၊ ပြည်ထောင်စုရှေ့နေချုပ်ဥပဒေပုဒ်မ ၃၂ နှင့် တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်အစိုးရအဖွဲ့ဥပဒေပုဒ်မ ၅၆ ၊ ပုဒ်မခွဲ(ခ) တို့ပါ ပြဌာန်းချက်များအရ ဒေါ်ခင်မျိုးကြည် ကို ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ်အဖြစ်ခန့်အပ်တာဝန်ပေးလိုက်ကြောင်း နိုင်ငံတော်သမ္မတ၏ အမိန့်ကြေညာချက်ကို စက်တင်ဘာ ၂၈ ရက်က ထုတ်ပြန်ထားကြောင်း သိရသည်။
ဟာသသရုပ်ဆောင် အောင်ရဲထွေး အသတ်ခံရမှုနှင့်ပတ်သက်၍ အဂတိလိုက်စားခဲ့သည်ဟုဆိုကာ ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ်ဟောင်း ဦးဟန်ထူး တရားစွဲဆိုခံရသည့်အတွက် ၎င်းနေရာတွင် ဒေါ်ခင်မျိုးကြည်အား အတည်ပြုခန့်အပ်ခဲ့ခြင်းဖြစ်သည်။ ဥပဒေချုပ်ဖြစ်လာသည့် ဒေါ်ခင်မျိုးကြည်သည် ၂၁ .၅.၁၉၈၄ ခုနှစ်တွင် ဥပဒေဝန်ထမ်းအဆင့် (၄) အဖြစ် ရွေးချယ်ခန့်အပ်ခံရပြီး ပြည်ထောင်စုရှေ့နေချုပ်ရုံး ၊ ညွှန်ကြားရေးမှူးရာထူးဖြင့် အငြိမ်းစားယူထားသူတစ်ဥိီးလည်း ဖြစ်သည်။
















