မိုးကုတ်မြို့တွင် သိန်း ၄၀ဝ၀ဝ ကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားနှင့်ဘိန်းဖြူများကို ရဲတပ်ဖွဲ့နှင့် နယ်မြေခံတပ် မတော်သားများက စက်တင်ဘာ ၃၀ ရက်တွင် ဖော်ထုတ်ဖမ်းဆီးခဲ့ကြောင်း သိရသည်။
အဆိုပါနေ့ ည ၇ နာရီ ၁၀ မိနစ် အချိန်တွင် မိုးကုတ်မြို့နယ် လယ်ကြီးရဲကင်းစခန်းရှေ့တွင် မူးယစ်သတင်းအရ တပ်မတော်(လယ်ကြီးတပ်စခန်း)မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ပိတ်ဆို့ရှာဖွေစဉ် ဝါးရုံတောဘက်မှ ထွက်လာသည့် ဆိုင်ကယ် ၅ စီးမှာ အစစ်ဆေးမခံဘဲ မောင်းနှင်ထွက်ပြေးသွားခဲ့သည်။
ထိုသို့ထွက်ပြေးသဖြင့် ပိတ်ဆို့ရှာဖွေရာ ဖြူရောင်ကျေးရွာအနီး ဝါးရုံတောအတွင်း ဆိုင်ကယ် ၂ စီးကိုတွေ့ရပြီး လူများမှာထွက်ပြေးတိမ်းရှောင်ခဲ့သည်။ ဆိုင်ကယ်ပေါ်တွင် တွေ့ရှိသည့် ဆာလာအိတ်အတွင်းမှ WY ပန်းရောင် စိတ်ကြွဆေးပြား ၆၀ဝ၀ဝ၀ ပြားနှင့် ဆပ်ပြာခွက် ၁၃၂ ခွက်ဖြင့် ထည့်ထားသည့် ဘိန်းဖြူ ၁.၅၈၄ ကီလို တွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။
ဆက်လက်ရှာဖွေစဉ် ညောင်ကုန်းကျေးရွာအနီး လျှိုအတွင်းရှိ ခြုံပုတ်ထဲတွင် ဆိုင်ကယ် ၂ စီး ထပ်မံ တွေ့ရှိရပြီး ဆိုင်ကယ်ပေါ်ရှိ ဆာလာအိတ်အတွင်းမှ WY ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၃၇၀ဝ၀ဝ ပြားနှင့် ဆပ်ပြာခွက် ၁၆၅ ခွက်ဖြင့်ထည့်ထားသော ဘိန်းဖြူ ၁.၉၈ ကီလိုသိမ်းဆည်းရမိသည့်အပြင် လျှိုအတွင်း ပုန်းအောင်းနေသည့် ဂူပါး ၂၄ နှစ်ကို ဆိုင်ကယ်နှင့်အတူ တွေ့ရှိသိမ်းဆီးခဲ့သည်။ ၄င်းနှင့်အတူတွေ့ရှိသည့်ဆိုင်ကယ်ပေါ်ပါ ဆာလာအိတ်အတွင်းမှ WY ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၂၄၀ဝ၀ဝ ပြားနှင့် ဆပ်ပြာခွက် ၁၁၀ ခွက်ဖြင့်ထည့်ထားသည့် ဘိန်းဖြူ ၁.၃၂ ကီလို ထပ်မံတွေ့ရှိ ဖမ်းဆီးရမိခဲ့သည်။
သက်ဆိုင်ရာက ဖမ်းဆီးရမိခဲ့သည့် ဆိုင်ကယ် ၅ စီးမှ စိတ်ကြွဆေးပြား စုစုပေါင်း ၁၂၁၀ဝ၀ဝ ပြား (ဒေသကာလပေါက်ဈေး တန်ဖိုးကျပ်သိန်း ၃၆၃၀ဝ)နှင့် ဘိန်းဖြူ ၄.၈၈၄ ကီလို(ဒေသကာလပေါက်ဈေး တန်ဖိုး ကျပ် သိန်း ၄၈၈၄)တို့ နှင့်စပ်လျဉ်း၍ ကွင်းဆက် ဆက်လက်ဖော်ထုတ်စစ်ဆေးလျက်ရှိပြီး မိုးကုတ်မြို့မရဲစခန်းက မယ(ပ)၁၂၁/ ၂၀၁၈၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၉(က)/၂၁ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

















