ကျော်ဇင်ထက်နှင့် မင်းကျော်ခန့်တို့၏ အပြုအမူမဖြစ်သင့်ဟု နည်းပြချုပ် ဦးမျိုးမင်းထွန်း ဝေဖန်

ကျော်ဇင်ထက်နှင့် မင်းကျော်ခန့်တို့၏ အပြုအမူမဖြစ်သင့်ဟု နည်းပြချုပ် ဦးမျိုးမင်းထွန်း ဝေဖန်

ကျင်းပပြီးစီးခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်းဒိုင်းဗိုလ်လုပွဲတွင် ကွင်းလယ်ဒိုင်လူကြီး၏ဆုံးဖြတ်ချက်ကို ကျေနပ်ခြင်းမရှိ၍ အလွန်အကျူး စောဒကတက်ခဲ့သည့် ဂိုးသမားကျော်ဇင်ထက်နှင့် မင်းကျော်ခန့်၏ အပြုအမှုမှာ အဖြစ်သင့်ကြောင်း ရန်ကုန်ယူနိုက်တက်နည်းပြချုပ် ဦးမျိုးမင်းထွန်းက ဝေဖန်ခဲ့သည်။

စောဒကတက်

ရန်ကုန်ယူနိုက်တက်ဂိုးသမားကျော်ဇင်ထက်နှင့် နောက်ခံလူမင်းကျော်ခန့်တို့နှစ်ဦးသည် ပွဲချိန် ၆၃မိနစ်တွင် ဟံသာဝတီအသင်းဘက်သို့ပေးခဲ့ရသည့် ပင်နယ်တီပြစ်ဒဏ်နှင့်ပတ်သက်၍ ကွင်းလယ်ဒိုင်လူကြီးကို အလွန်အကျူး စောဒကတက်ခဲ့၍ အနီကတ်ဖြင့် ထုတ်ပယ်ခံရသည်။ ထို့နောက် အဆိုပါကစားသမားနှစ်ဦးမှာ ကွင်းလယ်ဒိုင်လူကြီးအား ကိုယ်ထိလက်ရောက်ကျူးလွန်ရန် ကြိုးစားခဲ့သဖြင့် အသင်းဖော်များက ထိန်းသိမ်းခဲ့ရသည်။

ထိန်းသိမ်းသွားမည်

" ဒိုင်လူကြီးက ဆုံးဖြတ်ချက်ချပြီးသွားတဲ့အချိန်မှာ ကစားသမားတွေအနေနဲ့ ခုလိုမလိုလားအပ်တဲ့ အပြုအမှုတွေမလုပ်သင့်ပါဘူး။ ကစားသမားနှစ်ယောက်လုံး ထိန်းသိမ်းသင့်တယ်လို့မြင်ပါတယ်။ နောက်တစ်ကြိမ် အသင်းက ကစားသမားတွေ ဒီလိုမျိုးအပြုအမှုတွေမဖြစ်အောင် ကျွန်တော်ထိန်းသိမ်းသွားမှာပါ" ဟု ဦးမျိုးမင်းထွန်းက ပြောဆိုခဲ့သည်။ ကျော်ဇင်ထက်နှင့် မင်းကျော်ခန့်တို့၏ အပြုအမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေးမှ အရေးယူမှုများပြုလုပ်သွားမည်ဟုလည်း သိရသည်။

ဆက်စပ်သတင်းများအရ စက်တင်ဘာ ၃၀ရက်က ယှဉ်ပြိုင်ခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်းဒိုင်းပြိုင်ပွဲမစတင်မီ စက်တင်ဘာလအတွက် မြန်မာနေရှင်နယ်လိဂ်အကောင်းဆုံးနည်းပြဆုကို ချီးမြှင့်ခဲ့ရာ ရန်ကုန်ယူနိုက်တက်နည်းပြချုပ် ဦးမျိုးမင်းထွန်းက ရရှိခဲ့သည်။ ၎င်းသည် ဖေဖော်ဝါရီလတစ်လတာ အကောင်းဆုံးနည်းပြဆုကို တစ်ကြိမ်ရရှိထားခဲ့ရာ ယခုနှစ်ရာသီ၌ အကောင်းဆုံးနည်းပြဆု နှစ်ကြိမ်ရရှိခဲ့သည်။
 



ဖတ်ရှုမှုအများဆုံး