ကုလသမဂ္ဂလည်ပတ်မှုကို ဖျက်ဆီးခြင်းမပြုရန် ဒေါ်နယ်ထရမ့်ကို အန်ဂျလာမာကယ် သတိပေး

ကုလသမဂ္ဂလည်ပတ်မှုကို ဖျက်ဆီးခြင်းမပြုရန် ဒေါ်နယ်ထရမ့်ကို အန်ဂျလာမာကယ် သတိပေး

ကုလသမဂ္ဂ အဖွဲ့အစည်း စည်းချက်ညီ လည်ပတ်မှုများ ကမောက်ကမဖြစ်အောင် ဖျက်ဆီးခြင်း မပြုရန် ဂျာမနီ ဝန်ကြီးချုပ် အန်ဂျလာ မာကယ်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို စက်တင်ဘာ ၃၀ တွင် သတိပေး ပြောကြားလိုက်ကြောင်း သိရသည်။ 

"အသစ်တစ်ခုခုကို အစားထိုး ဖန်တီးပေးနိုင်ခြင်းမရှိဘဲနဲ့ ရှိနေပြီးသား တစ်ခုကို ကမောက်ကမဖြစ်အောင် ဖျက်ဆီးတာဟာ အလွန့် အလွန်ကို အန္တရာယ်ကြီးပါတယ်" ဟု ဘာဗားရီးယားတွင် ဒေသဆိုင်ရာ ရွေးကောက်ပွဲ မဲဆွယ်ပွဲ၌ မစ္စ မာကယ်က သမ္မတ ထရမ့်ကို ရည်ညွှန်းလျက် ပြောကြားသည်။ 
    ယနေ့ ကမ္ဘာ့အကျပ်အတည်းနှင့် ပဋိပက္ခ အများစုကို ဖြေရှင်းရာတွင် လူတန်းစားမျိုးစုံ၊ အမြင်မျိုးစုံဝါဒကို လက်ကိုင်ထားခြင်းသည်သာ အကောင်းဆုံး ဖြေရှင်းနည်းဖြစ်မည်ဟု ယုံကြည်ကြောင်းဖြင့် မစ္စ မာကယ်က မှတ်ချက်ပေး ပြောကြားသည်။ သမ္မတ ထရမ့်သည် သူလည်းနိုင် ကိုယ်လည်းနိုင် ဆွေးနွေးမှုမျိုးကို လက်မခံဘဲ၊ နိုင်ငံတကာ ဆွေးနွေးမှုများတွင် တစ်ဖက်သတ် အနိုင်ရလိုသည့် ဝါဒစွဲကို ဆွဲကိုင်ထားနေကြောင်းလည်း မစ္စ မာကယ်က မှတ်ချက်ပေး ပြောကြားသည်။ 
    ပြီးခဲ့သည့် သီတင်းပတ်က ကုလသမဂ္ဂ အထွေထွေညီလာခံတွင် သမ္မတ ထရမ့်၏ ဒုတိယအကြိမ်မြောက် မိန့်ခွန်းပြောမှုတွင် ထရမ့်က "ကမ္ဘာ့လူသားများ ဘုံဝါဒကို ဆန့်ကျင်ကာ မျိုးချစ်ဝါဒကိုသာ လက်ခံကြောင်း" အတိအလင်း ပြောကြားခဲ့ခြင်းနှင့် ပတ်သက်ပြီး မစ္စ မာကယ်က မှတ်ချက်ပေးလိုက်ခြင်း ဖြစ်သည်။ 
    ကမ္ဘာလုံးချီ စည်းချက်ညီမှုဟူသည် ကမ္ဘာလုံးချီ အုပ်စိုးမှု ဝါဒမျိုးသာဖြစ်ကြောင်း၊ တာဝန်သိသည့် မည်သည့်နိုင်ငံမဆို ထိုသို့ အလုံးစုံ ချုပ်ကိုင်အုပ်စိုးမှုဝါဒမျိုးကို ဆန့်ကျင်ကာ ကိုယ်စီနိုင်ငံနှင့်ကိုယ် အုပ်စိုးကာ ပူးပေါင်းဆောင်ရွက်ကြခြင်း လမ်းစဉ်ကို ကာကွယ်ကြရမည်ဖြစ်ကြောင်း သမ္မတ ထရမ့်က ပြောကြားခဲ့သည်။ 
    မာကယ်၏ အမြင်သည် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရတ်၏ အမြင်နှင့်လည်း ထပ်တူကျလျက်ရှိသည်။ နယူးယောက်ရှိ ကုလသမဂ္ဂရုံးချုပ် အထွေထွေ ညီလာခံတွင် သမ္မတ ထရမ့် မိန့်ခွန်းမပြောမီ အတွင်းရေးမှူးချုပ် ဂူတာရတ်က မိန့်ခွန်းပြောရာတွင် ယနေ့ ကမ္ဘာ့ရေးရာ အပြောင်းအလဲများသည် ကမောက်ကမနိုင်လှသည်ဟု မှတ်ချက်ပေး ပြောကြားခဲ့သည်။