မကြာမီက အီရန်၏ရေနံကြွယ်ဝသည့်ဒေသ အာဗက်ဇ်မြို့၌ စစ်ရေးပြပွဲပြုလုပ်ခိုက် တိုက်ခိုက်ခံခဲ့ရခြင်းအပေါ် တုံ့ပြန်မှု အနေဖြင့် အီရန်တော်လှန်ရေးအစောင့်တပ်က ပဲ့ထိန်းဒုံးကျည်များဖြင့် ဆီးရီးယားရှိ စစ်သွေးကြွပစ်မှတ်များကို ပစ်ခတ်ခဲ့ကြောင်း ကြေညာခဲ့သည်။
အောက်တိုဘာ ၁ ရက်ကြေညာချက်အရ ယင်းကဲ့သို့ ဆီးရီးယားကို အီရန်က ဒုံးကျည်ဖြင့်ပစ်ခတ်မှုသည် တစ်နှစ်အတွင်း ဒုတိယအကြိမ်ဖြစ်သည်။ အီရန်နိုင်ငံပိုင်ရုပ်သံထုတ်လွှင့်မှုပုံရိပ်များအရ ဒုံးကျည်ပစ်ခတ်မှုကို အီရန် အနောက်ပိုင်းပြည်နယ် ကားမန်ရှာအတွင်းမှဖြစ်ဖွယ်ရှိပြီး ဒုံးကျည်သည် အီရတ်ပေါ်ဖြတ်ကျော်ပျံသန်းကာ ဆီးရီးယား အရှေ့တောင်ပိုင်း အဘူကာမဲလ်မြို့အနီး ကျရောက်ပေါက်ကွဲခဲ့သည်။
အဘူကာမဲလ်သည် သမ္မတ ဘာရှားအာဆတ်သစ္စာခံတပ်များ သိမ်းပိုက်ထားသည့်မြို့ဖြစ်သော်လည်း အိုင်အက်စ် အုပ်စုမှစစ်သွေးကြွများလည်းရှိ၍ အီရန်က ပစ်မှတ်ထားခဲ့ခြင်းဖြစ်သည်။ ဒုံးကျည်ပေါ်တွင် အမေရိကန်တွေ အစ္စရေးတွေ အဲလ်ဆာ့ဒ်တွေသေကြဟု ရေးသားထားပုံကို နိုင်ငံပိုင်ရုပ်သံက ပြသခဲ့သည်။ အဲလ်ဆာ့ဒ်မှာ ဆော်ဒီအာရေဗျ တော်ဝင်မိသားစုကို ရည်ညွန်းခြင်းဖြစ်သည်။
အစောင့်တပ်နှင့်နီးစပ်သည့်် ဖားစ်သတင်းအေဂျင်စီအဆိုအရ ကီလိုမီတာ ၇၅၀(၄၆၅ မိုင်)နှင့် ကီလိုမီတာ ၈၀ဝ (မိ်ုင် ၅၀ဝ)အသီးသီး ပျံသန်းနိုင်သည့် ဒုံးကျည် အနည်းဆုံးခြောက်စင်း ပစ်လွှတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အာဗက်ဇ်၌ စက်တင်ဘာ ၂၂ ရက်တွင် နှစ်စဉ်စစ်ရေးပြပွဲပြုစဉ် စစ်သွေးကြွများတိုက်ခိုက်၍ ၂၄ ဦးသေဆုံးပြီး ၆၀ ကျော် ဒဏ်ရာရရှိခဲ့သည်။

















