နှစ်နိုင်ငံကြား တင်းမာမှုလျှော့ချရေး သဘောတူညီချက်အရ တောင်မြောက်ကိုရီးယားနယ်စပ်တစ်လျှောက် ခင်းထားသော မိုင်းများကို တောင်ကိုရီးယားက နေရာနှစ်နေရာတွင် စတင်ရှင်းလင်းနေပြီဖြစ်ကြောင်း သိရသည်။ မြောက်ကိုရီးယားအနေဖြင့်လည်း အလားတူ ရှင်းလင်းရေးများ လုပ်ဆောင်လာမည်ဟု တောင်ကိုရီးယားက မျှော်လင့်ထားသည်။
မြောက်ကိုရီးယား နျူကလီးယား ဖျက်သိမ်းရေးနှင့် ပတ်သက်ပြီး ပြီးခဲ့သည့် သီတင်းပတ်များတောက်လျှောက် အေးစက်နေခဲ့ရာမှ ယခုရက်ပိုင်းအတွင်း ဆွေးနွေးမှုများ အရှိန်ပြန်မြင့်တက်လာချိန်နှင့် တိုက်ဆိုင်စွာပင် နယ်စပ်မှ မိုင်းများရှင်းလင်းမှု စတင်လိုက်ခြင်းလည်း ဖြစ်သည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ခ် ပွမ်ပီယိုသည်လည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်တို့ ဒုတိယအကြိမ် တွေ့ဆုံရေး စီစဉ်ရန် ယခုလအတွင်း ပြုံယမ်းသို့ သွားရောက်မည်ဖြစ်ကြောင်း သိရသည်။
တောင်ကိုရီးယား တပ်ဖွဲ့များသည် အောက်တိုဘာ ၁ ရက် နံနက်တွင် ပန်မန်ဂျွန်ရွာအနီး စစ်ရေးကင်းမဲ့ဇုန်အတွင်းသို့ဝင်ကာ ခင်းထားသော မိုင်းများကို စတင်ဖယ်ရှားခဲ့ကြသည်။ နယ်စပ်မျဉ်း အခြားတစ်နေရာတွင်လည်း အလားတူ မိုင်းရှာဖွေရှင်းလင်းရေးများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တောင်ကိုရီးယား တပ်ဖွဲ့များသည် စစ်ရေးကင်းမဲ့ဇုန်အတွင်း ပန်မန်ဂျွန်ရွာ တောင်ပိုင်းခြမ်းကို မိုင်းရှင်းလင်းရေး အဓိကဆောင်ရွက်မည်ဖြစ်သလို၊ မြားဦးတောင်ကုန်းဟု လူသိများပြီး ကိုရီးယားစစ်ပွဲကာလက တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားခဲ့သည့်နေရာတွင် ခင်းထားသော မိုင်းများကိုလည်း ရှင်းလင်းမည်ဖြစ်သည်။ မြားဦးတောင်ကုန်းတစ်ဝိုက်တွင် တောင်ကိုရီးယားနှင့် ကုလသမဂ္ဂစစ်သည် ၃၀ဝ နှင့် တရုတ်၊ မြောက်ကိုရီးယား စစ်သည်များ၏ ကြွင်းကျန်ရုပ်အလောင်းများလည်း တွေ့နိုင်ခြေရှိကြောင်း တောင်ကိုရီးယား အာဏာပိုင်များက ယုံကြည်ထားသည်။
တောင်ကိုရီးယားက မိုင်းရှင်းလင်းနေသည့် နှစ်နေရာ၏ မြောက်ပိုင်းခြမ်းတွင် မြောက်ကိုရီးယားက မိုင်းရှင်းလင်းရေး လုပ်နေခြင်း ရှိမရှိ သေချာစွာ အတည်မပြုနိုင်သေးဟု တောင်ကိုရီးယားက ပြောသည်။ နှစ်နိုင်ငံ စစ်ရေးခြိမ်းခြောက်မှု လျှော့ချရေးအတွက်လည်း ကိုရီးယား ကာကွယ်ရေးခေါင်းဆောင်များသည် ဒီဇင်ဘာ နောက်ဆုံးထားပြီး နယ်စပ် ရှေ့တန်း ကင်းစခန်း ၁၁ ခုကို ပိတ်သိမ်းရန် သဘောတူညီထားသလို၊ မလိုလားအပ်သော ထိတွေ့မှုများ မဖြစ်ပွားစေရန် နယ်စပ်မျဉ်းတစ်လျှောက် လေယာဉ်မပျံသန်းရဇုန်လည်း သတ်မှတ်မည်ဖြစ်ကြောင်း သိရသည်။
ကိုရီးယားစစ်ပွဲနောက်ပိုင်း ၂၄၈ ကီလိုမီတာရှည်သော တောင်မြောက်ကိုရီးယား နယ်စပ်မျဉ်းတစ်လျှောက် မိုင်းပေါင်း ၂ သန်းကျော် ချထားခဲ့ကြောင်း သိရသည်။

















