သေဆုံးသူ အနည်းဆုံး ၈၃ဝ ကျော်ရှိကြောင်း အတည်ပြုနိုင်ခဲ့သည့် အားပြင်းငလျင်နှင့် ဆူနာမီဒီလှိုင်း ရိုက်ခတ်ခံခဲ့ရသည့် အင်ဒိုနီးရှား၌ ပိတ်မိသူများ အသက်ရှင်လျက်ကယ်ဆယ်နိုင်ရေး မျှော်လင့်ချက်မဲ့နေပြီဖြစ်ပြီးသဘာဝဘေးကယ်ဆယ်ရေးအတွက် နိုင်ငံတကာအကူအညီလက်ခံရန် သမ္မတ ဂျိုကိုဝီဒိုဒိုက သဘောတူခဲ့သည်။
ဝေးလံခေါင်းပါးဒေသများမှ စာရင်းများသိရပါက အသေအပျောက်စာရင်း သိသိသာသာ တိုးမြင့်လာနိုင်သေးကြောင်း သိရသည်။ အလောင်းများကိုစတင်မြှုပ်နှံနေကြပြီဖြစ်ပြီး ရောဂါများပြန့်နှံ့နိုင်ခြေကို စိုးရိမ်နေကြသည်။ ဆူလာဝေစီကျွန်း၊ ပါလူးမြို့တွင် ပြိုကျနေသည့်ဟိုတယ်တစ်ခုနှင့် ဈေးဝယ်စင်တာတစ်ခုအောက်မှ ပိတ်မိနေသူများကို ကယ်ထုတ်ရန် ကယ်ဆယ်ရေးသမားများက ယန္တရားများနှင့်ကြိုးပမ်းနေသော်လည်း အသက်ရှင်လျက် ကယ်ထုတ်နိုင်ရန် မျှော်လင့်ချက်များ ပျောက်ဆုံးသလောက်ဖြစ်နေသည်။ သမ္မတ ဂျိုကိုဝီဒိုဒိုက လာရောက်ကြည့်ရှုပြီး နေ့ရောညပါ ကယ်ဆယ်ရေး ဆောင်ရွက်ပေးရန် ပန်ကြားခဲ့သည်။
စက်တင်ဘာ ၂၈ ရက်က ပြင်းအား ၇ ဒသမ ၅ အဆင့်ရှိ ငလျင်ကြီးလှုပ်ခတ်ခဲ့ပြီးနောက် ဆူနာမီဒီလှိုင်း ဖြစ်ပေါ် ရိုက်ခတ်ခဲ့ခြင်းဖြစ်သည်။ ပွဲတော်တစ်ခုကျင်းပရန် ပြင်ဆင်ထားသည့် ကမ်းခြေကို ၆ မီတာအမြင့်ရှိ လှိုင်းလုံးကြီးက ရိုက်ခတ်ကာ အရာရာကိုတိုက်စားသွားပုံအား ဗွီဒီယိုမြင်ကွင်းတစ်ခုတွင် မြင်ကြရသည်။
ဆူလာဝေစီကျွန်းရှိ ထိန်းသိမ်းရေးစခန်းသုံးခုမှ အကျဉ်းသား ၁၂ဝဝ လွတ်မြောက်သွားကြောင်း တရားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ ဆေးရုံများလည်းပျက်စီးခဲ့ခြင်းကြောင့် လူနာများကို ဟင်းလင်းပြင်တွင် ကုသပေးနေရပြီး စစ်ဘက်က ယာယီစစ်မြေပြင်ဆေးရုံတစ်ရုံ ဖွင့်လှစ်ကူညီပေးနေသည်။ ဒဏ်ရာရသူများ ကယ်ထုတ်ရန်နှင့် အကူအညီပစ္စည်းများသယ်ဆောင်ရန်လည်း စစ်ဘက်လေယာဉ်များကို အသုံးပြုခဲ့သည်။
စုစုပေါင်း လူဦးရေ ၁ ဒသမ ၆ သန်းကျော်ကို သက်ရောက်ခဲ့သည့် သဘာဝဘေးကြောင့် သေဆုံးသူဦးရေသည် ထောင်ချီသည့်အရေအတွက်အထိ ဖြစ်နိုင်ကြောင်း ဒုတိယသမ္မတ ဂျူဆပ်ဖ်ကာလာက ပြောဆိုခဲ့သည်။

















