သုံးခွမြို့နယ် သမစိတ္တကျေးရွာနှင့် ဆားတလင်းကျေးရွာအုပ်စု ရေမိုင် ၇ မိုင်အနီး မြန်မာပင်လယ်ပြင် ပိုင်နက်အတွင်းသို့ မောင်းသူမဲ့ရောက်ရှိလာပြီး သောင်တင်နေသည့် အင်ဒိုနီးရှားနိုင်ငံအလံတင်ထားသည့် MV SAM RATULANGI ကုန်တင်သင်္ဘောကြီးမှာ အောက်တိုဘာ ၁ ရက်နေ့ မွန်းလွဲပိုင်းတွင် နစ်မြုပ်ခဲ့ကြောင်း သိရသည်။
'' သင်္ဘောက မနေ့က ညနေ ၅ နာရီခွဲမှာ စပြီးတော့ အင်ဂျင်ခန်းဘက်က စပြီးဖင်ထိုင်ပြီး ဘေးတစ် စောင်းအနေအထားဖြစ်သွားတယ်။ဒီနေ့ထိတော့ တစ်စင်းလုံးမြုပ်သံမကြားသေးဘူး။ ငါးဖမ်းသင်္ဘောလေးတွေကို စောင့်ကြည့်ခိုင်းထားတယ်။ ရေတပ်၊ ရဲတပ်ဖွဲ့နဲ့ သက်ဆိုင်ရာကအဖွဲ့တွေနဲ့ ကနဦး သွားစစ်တုန်းကလည်း သင်္ဘောကနည်းနည်းစောင်းမလိုဖြစ်ခဲ့သေးတယ်။ သင်္ဘောအင်ဂျင်ခန်းထဲက အပိုင်းအစတွေက တစ်စစီဖြစ်နေတယ်။အကောင်းကြီးတော့မဟုတ်ဘူး။ဝမ်းဗိုက်တွေလည်း သံချေးစားပြီးပေါက်နေတာတွေ့ရတယ်။ နောက်ပိုင်းပြည်တွင်းရေကြောင်းကိုလွှဲလိုက်တယ်လို့ ပြောတယ်။ သူတို့တွေလည်း မကြာခဏ ရေစူးလာတိုင်းတာတို့ စစ်ဆေးတာတွေရှိတယ်"ဟု သုံးခွမြို့ အောင်သာတန်းကျေးရွာအုပ်ချုပ်ရေးမှူး ကိုအောင်ဖြိုးမြင့်က ပြောသည်။
ရေသေရက်(ရေငြိမ်ရက်)ဖြစ်သော်လည်း ယခုကဲ့သို့ သောင်ခုံရေတိုက်စားခြင်းကြောင့် သင်္ဘော တစ်စောင်းအနေအထားဖြစ်သွားသည်ဆိုခြင်းမှာလည်း ပြန်လည်တည့်မတ်ရန်မလွယ်ကူကြောင်း အခြားတစ်ဖက်သောင်ခုံရေတိုက်စားခံရပါက ပြန်လည်တည့်မတ်နိုင်ကြောင်း ၄င်းက သုံးသပ်သည်။
" လောလောဆယ်တော့ သင်္ဘောနစ်မြုပ်တဲ့ အချိန်ကို မသိသေးဘူး။ သင်္ဘောကနဦးတွေ့တုန်းက သင်္ဘောပေါ်တက်ခဲ့တဲ့ ရေလုပ်သားတွေကိုပဲ စစ်ဆေးမှုတွေလုပ်ခဲ့တယ်။ အဲဒီနောက်ပိုင်းထဲက သက်ဆိုင်ရာအဖွဲ့ အစည်းတွေကိုလွှဲပေးခဲ့တာပါ" ဟု သုံးခွမြို့ နယ်မြေရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။
အဆိုပါသင်္ဘောမှာ စက်တင်ဘာ ၁ ရက်နေ့ နံနက်ပိုင်းတွင် သင်္ဘောအင်ဂျင်ခန်းအတွင်းမှ စတင် နစ်မြုပ်ခဲ့ပြီးနောက် ယနေ့ နံနက်ပိုင်းတွင် သင်္ဘောတစ်စီးလုံးနစ်မြုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ကုန်တင်သင်္ဘောသည် မြန်မာ့ရေပိုင်နက်အတွင်းကို သြဂုတ် ၃၀ ရက်နေ့ ညပိုင်းတွင် ရောက်ရှိခဲ့ပြီး သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့အစည်းများ၏ စစ်ဆေးချက်များအရ အဆိုပါ သင်္ဘောပေါ်တွင် မည်သူ တစ်ဦးတစ်ယောက်မျှမပါရှိဘဲ ရောက်ရှိသောင်တင်နေကြောင်း ရဲတပ်ဖွဲ့က ကနဦး သတင်းထုတ်ပြန်ခဲ့သည်။
မောင်းသူမဲ့ သင်္ဘောမြန်မာ့ပင်လယ်ရေပိုင်နက်အတွင်း သောင်တင်တွေ့ရှိမှုနှင့်ပတ်သက်၍ ရန်ကုန် မြစ်ဝနှင့်စစ်တောင်းမြစ်ဝကြားတွင် တစ်ဖက်နိုင်ငံသို့ခုတ်မောင်းနေသည့် သံသယဖြစ်ဖွယ် အယ်လီဗန်နက် အမည်ရှိ ပင်လယ်သွား တွဲချိတ်ယာဉ်တစ်စီးကို မြန်မာပင်လယ်ရေပြင်ပိုင်နက်နှင့် မိုင် ၅၀ အကွာတွင် သြဂုတ် ၃၁ ရက်နေ့ နံနက် ၁၁ နာရီ အချိန်ခန့်တွင် တွေ့ရှိ ဖမ်းဆီးခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်း ထုတ်ပြန်ခဲ့သည်။
အဆိုပါတွဲဆွဲရေယာဉ်သည်မလေးရှားနိုင်ငံမှဖြစ်ပြီး ရေယာဉ်ပေါ်တွင် အင်ဒိုနီးရှားနိုင်ငံသား အဖူဒန်အပါဝင် ၁၃ဦးတို့ကို တွေ့ရှိသဖြင့် စစ်ဆေးခဲ့သည်။ အင်ဒိုနီးရှားနိုင်ငံမှ MV SAM RATULANGI ကုန်တင်သင်္ဘောကြီးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ သင်္ဘောဖျက်စက်ရုံကို ပို့ဆောင်ရန် သြဂုတ် ၂၃ရက်တွင် အယ်လီဗန် ့ အမည် တွဲဆွဲယာဉ်ဖြင့် ထွက်ခွာခဲ့ကြောင်း၊သြဂုတ်၂၆ရက်တွင် ရန်ကုန်မြစ်ဝတောင်ဘက်ကို ရောက်ရှိစဉ် ရာသီဥတုဆိုးရွားကာ တွဲခြမ်းအချို့ပျက်တောက်ကာရေစီးနှင့်အတူမျောပါခဲ့သည့်အတွက်ထားရှိခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြန်မာ့ရေပိုက်နက်အတွင်းသို့ ဝင်ရောက်လာသည့် အဆိုပါသင်္ဘောကြီးနှင့်ပတ်သက်၍ တွဲဆွဲရေး ယာဉ်ပါ အင်ဒိုနီးရှားနိုင်ငံသားများနှင့်ရေယာဉ်တွဲဆွဲကုမ္ပဏီတို့ကို တရားစွဲဆိုရန် ပြည်ထောင်စု ရှေ့နေချုပ်ရုံးထံ သဘောထားမှတ်ချက် တောင်းခံသွားမည်ဖြစ်ကြောင်း ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ညွှန်ကြားရေးမှူးချုပ် ဦးသောင်းကြိုင်က စက်တင်ဘာ ၆ ရက်က ပြောကြားခဲ့သည်။
















