လှည်းကူးမြို့နယ်ရှိ အဝေးပြေးလက်မှတ်အရောင်းဆိုင်တွင် မူဆယ်သို့ပို့ဆောင်ရန် အပ်နှံထားသည့် သံသေတ္တာနှစ်လုံးအတွင်းမှ သိမ်းဆည်းရမိခဲ့သည့် ကျည် ၉၅၀၄ တောင့်ကို အမှတ် ၁ စစ်လက် နက်ပစ္စည်းတပ်ရင်းသို့အပ်နှံခဲ့ပြီး အမှုတွင်ပါဝင်ပတ်သက်နေသူများကို ရဲတပ်ဖွဲ့က စုံစမ်းလျက်ရှိကြောင်း အောက်တိုဘာ ၂ ရက်က သိရသည်။
စက်တင်ဘာ ၃၀ ရက်မွန်းလွဲ ၂ နာရီ အချိန်ခန့်တွင် လှည်းကူးမြို့ ဇရပ်ကွင်းကျေးရွာ ရန်ကုန်-ပဲခူး ကားလမ်းရှိ ရဲတံခွန် အဝေးပြေး ကားလက်မှတ် အရောင်းဆိုင်တွင် အသက် ၂၅ နှစ်အရွယ် လူငယ်တစ်ဦးက သုံးဘီးဆိုင်ကယ်ဖြင့်တင်လာသည့် သံသေတ္တာ ၂ လုံးကို တပ်ကြပ်ကြီးတစ်ဦး၏ အမည်ဖြင့် မူဆယ်မြို့သို့ ပို့ဆောင်ရန် ဆက်သွယ်ရန်ဖုန်းနှင့် ဝန်ဆောင်ခအနေဖြင့် သံသေတ္တာ ၁ လုံးလျှင်ကျပ် ၁၅၀ဝ၀ နှုန်းဖြင့် လက်ခံခဲ့သည်။
ညနေ ၄ နာရီ အချိန်ခန့်တွင် မူဆယ်မြို့သို့ထွက်ခွာမည့် ခရီးသည်တင်ရောက်ရှိလာပြီး အပ်နှံသည့် သံသေတ္တာ ၂ လုံးကို တင်ဆောင်စဉ် လေးလံသဖြင့် ခရီးသည်တင်ယာဉ်က မတင်ဆောင်ဘဲထွက်ခွာသွားခဲ့သည်။ ဂိတ်ပိုင်ရှင်အမျိုးသားက ဆက်သွယ်ရန်ပေးထားသည့် ဖုန်းနံပါတ်သို့ ဆက်သွယ်ခဲ့ရာ ဆက်သွယ်မှု မရရှိခဲ့သောကြောင့် အဆိုပါ သံသေတ္တာ ၂ လုံးကို မသင်္ကာသဖြင့် ကားလက်မှတ်ဂိတ်ပိုင်ရှင် အမျိုးသားနှင့် ဇနီးတို့က သော့ဖျက်ဖွင့်ဖောက်စစ်ဆေးခဲ့ရာ ကျည်များဖြစ်နေသဖြင့် အမှတ် ၁ စစ်လက်နက်ပစ္စည်းတပ်ရင်းနှင့် လှည်းကူးမြို့မရဲစခန်းသို့ သတင်းပို့ခဲ့သည်။ ညနေ ၆ နာရီ ခွဲအချိန်ခန့်တွင် သက်ဆိ်ုင်ရာပူးပေါင်းအဖွဲ့က စုံစမ်းစစ်ဆေးခဲ့ရာ အဆိုပါ သံသေတ္တာ ၂ လုံးအတွင်းမှ ၅ ဒသမ ၅၆ ကျည် အမျိုးအစား စုစုပေါင်း ၉၅၀၄ တောင့်ကိုတွေ့ရှိခဲ့သည်။
ရဲတပ်ဖွဲ့က ၄င်းကျည်ဆံများကို စစ်လက်နက်ပစ္စည်း တပ်ရင်းသို့ အပ်နှံခဲ့ပြီး လိုင်စင်မရှိဘဲ လက်ဝယ်ထားရှိကာ သယ်ယူပို့ဆောင်ခဲ့သူကို အရေးယူပေးရန် တိုင်ကြားခဲ့သည်။ လှည်းကူးမြို့မရဲစခန်းက(ပ)၁၀၂၇/၁၈ လက်နက်များအက်ဥပဒေပုဒ်မ ၁၉(ဃ)/၁၉(စ) အရ အမှုဖွင့်အရေးယူထားသည်။
















