ဘိုလီးဗီးယားနှင့် ချီလီတို့အကြား ဖြစ်ပွားနေသော ရေပိုင်နက်အငြင်းပွားမှုနှင့် စပ်လျဉ်းပြီး ကုလသမဂ္ဂလက်အောက်ရှိ နိုင်ငံတကာတရားမျှတမှုခုံရုံး (အိုင်စီဂျေ)က ချီလီကို အနိုင်ပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။ ဆုံးဖြတ်ချက်သည် နောက်ဆုံးဆုံးဖြတ်ချက်ဖြစ်ကာ နိုင်ငံတကာဥပဒေအရ အတည်သတ်မှတ်မည် ဖြစ်သည်။
၁၈၈၄ ခုနှစ်စစ်ပွဲတွင် ဘိုလီးဗီးယားသည် ချီလီကို ရှုံးနိမ့်ပြီးနောက် ပစိဖိတ်ရေပိုင်နက်ကိုဆုံးရှုံးကာ ကုန်းတွင်းပိတ် နိုင်ငံအဖြစ် ရပ်တည်ခဲ့ရပြီး ထိုစဉ်ကစတင်ကာ ချီလီအနေဖြင့် ဘိုလီးဗီးယားရေပိုင်နက် မျှဝေအသုံးပြုခွင့် ပေးသင့်သည်ဟု ဘိုလီးဗီးယားဘက်က တောင်းဆိုနေခဲ့ခြင်းဖြစ်သည်။
ချီလီအနေဖြင့် ဘိုလီးဗီးယားကို ရေပိုင်နက်မျှဝေသုံးစွဲခွင့်ပေးရန် တာဝန်မရှိဟု အိုင်စီဂျေက ဆုံးဖြတ်ပေးလိုက်ခြင်း ဖြစ်သည်။ ငါးနှစ်ကြာ ခုံရုံးထိုင် ကြားနာစစ်ဆေးပြီးနောက်တွင် စီရင်ချက် ချမှတ်ခဲ့ခြင်းဖြစ်သည်။ ဘိုလီးဗီးယားသမ္မတ အီဗိုမိုရေးကမူ "ဘယ်တော့မှ လက်မလျှော့" ဟု ဆိုထားသည်။
ပစိဖိတ်စစ်ပွဲတွင် ဘိုလီးဗီးယားသည် ချီလီကိုစစ်ရှုံးကာ ရေပိုင်နက် စတုရန်းကီလိုမီတာ ၁၂၀ဝ၀ဝ ကို လက်လွှတ်ခဲ့ရပြီး ကုန်းတွင်းပိတ်နိုင်ငံဖြစ်ခဲ့သည့်တိုင် ရေတပ်ငယ်တစ်ခု ဖွဲ့စည်းထားပြီး နှစ်စဉ် ပင်လယ်ပြင်နေ့ အခမ်းအနားဆင်နွှဲလျက်ရှိသည်။
အိုင်စီဂျေ တရားရုံးတွင် ထောက်ခံမဲ ၁၂ မဲ ၊ ကန့်ကွက်မဲ ၃ မဲဖြင့် ချီလီကအနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။ ယခုဆုံးဖြတ်ချက်သည် နှစ်နိုင်ငံအငြင်းပွားနေသောရေပိုင်နက်ကို ချီလီကပိုင်ဆိုင်ခွင့် ရှိ မရှိကို ဆုံးဖြတ်ပေးခြင်း မဟုတ်သေးဘဲ ရေပိုင်နက် မျှဝေသုံးစွဲသင့်ကြောင်း ဘိုလီးဗီးယားဘက်ကတောင်းဆိုနေခြင်းကို ချီလီအနေဖြင့် လိုက်လျောရန် တာဝန်မရှိဟူသောအချက်ကိုသာ ဆုံးဖြတ်ပေးခဲ့ခြင်း ဖြစ်သည်။
အိုင်စီဂျေ ဆုံးဖြတ်ချက်သည် ၂၀၁၉ ခုနှစ်တွင် စတုတ္ထအကြိမ်မြောက် ရွေးကောက်ပွဲဝင်မည့် သမ္မတမိုရေးအတွက်လည်း ထိုးနှက်ချက် ဖြစ်ခဲ့သည်။ ရေပိုင်နက် အရေးသည် ဘိုလီးဗီးယားနိုင်ငံသားများ အထူးအလေးပေးသောအရေး ဖြစ်နေသည်။

















