ဥရောပသမဂ္ဂမှ နုတ်ထွက်ပြီးလျှင် ပညာရည်နိမ့်သူများကို ဗြိတိန် ဝင်ခွင့် ကန့်သတ်မည်ဟု ဝန်ကြီးချုပ်ထရီဆာမေဆို

ဥရောပသမဂ္ဂမှ နုတ်ထွက်ပြီးလျှင် ပညာရည်နိမ့်သူများကို ဗြိတိန် ဝင်ခွင့် ကန့်သတ်မည်ဟု ဝန်ကြီးချုပ်ထရီဆာမေဆို

ဥရောပသမဂ္ဂမှ  ဗြိတိန် နုတ်ထွက်ပြီးပါက လူဝင်မှုကြီးကြပ်ရေးစည်းမျဉ်းများကို တင်းကျပ်ကာ ပညာရည်နိမ့်သူများကို နိုင်ငံသို့ ဝင်ခွင့် လျှော့ချမည်ဟု ဗြိတိန် ဝန်ကြီးချုပ် ထရီဆာမေက ထုတ်ပြန်ပြောကြားလိုက်သည်။ 

ဗီဇာစနစ်သစ်အောက်တွင် ဗြိတိန်သို့ ဝင်ရောက်ခိုလှုံလိုသူများအား ပညာရည်ကို အဓိကအကဲဖြတ် လက်ခံမည် ဖြစ်ကြောင်း၊ မည်သည့်ဒေသကဖြစ်စေ ပညာရည်မြင့်မားပါက ဗြိတိန်သို့ ဝင်ခွင့်ရစေမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် မေကပြောသည်။ 
    လူဝင်မှုကြီးကြပ်ရေးအကြံပေးကော်မတီ၏ အကြံပြုချက်များပေါ် အခြေခံပြီး ဗီဇာစည်းမျဉ်းသစ်များ ရေးဆွဲမည်ဖြစ်ကာ အကြံပြုချက်များကို လေဘာပါတီကလည်း ထောက်ခံထားကြောင်း သိရသည်။ 
    ဗီဇာစည်းမျဉ်းသစ်ကြောင့် ဗြိတိန်သည် ပညာရည်နိမ့်သူများ အလုံးအရင်းဝင်ရောက်မှုကို ထိန်းချုပ်နိုင်ကာ၊ နိုင်ငံအတွက် လိုအပ်သောပညာအရည်အသွေးမြင့်သူများကို နေရာပေး ပိုမိုခေါ်ယူနိုင်လာမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် မေကပြောသည်။ 
    ဗီဇာစည်းမျဉ်းသစ် အသေးစိတ်ကိုလာမည့် ဆောင်းဦးပေါက်တွင် စာတမ်းထုတ်ပြန်ပေးမည်ဖြစ်ပြီး လာမည့်နှစ်တွင်  လွှတ်တော်သို့ တင်သွင်းမည်ဖြစ်ကြောင်း သိရသည်။ ပညာရည်မြင့်သူများအနေဖြင့် ဗြိတိန်တွင် လာရောက်လုပ်ကိုင်ခွင့်ဗီဇာ ရရှိပါက အလုပ်ရှင်ကထောက်ခံချက်ပေးလျှင် မိသားစုကိုပါ တစ်ပါတည်း ခေါ်ယူလာနိုင်မည်ဖြစ်ကြောင်းလည်း ဝန်ကြီးချုပ် မေကပြောသည်။ ဗီဇာစည်းမျဉ်းသစ်သည် ကျောင်းသားဗီဇာထုတ်ပေးခြင်းများကိုမူ ကန့်သတ်မည်မဟုတ်ကြောင်းလည်း သိရသည်။ 
    “လွန်ခဲ့တဲ့ နှစ်နှစ်က ဗြိတိန်နိုင်ငံသားတွေဟာ ဥရောပသမဂ္ဂကထွက်ပြီး ကိုယ့်နိုင်ငံ ကိုယ့်ဥပဒေစိတ်ကြိုက် ပြဌာန်းဖို့ ရွေးချယ်ခဲ့ကြပါတယ်။ ဒါကြောင့် ဥရောပသမဂ္ဂက ထွက်ပြီးတာနဲ့ လူဝင်မှုကြီးကြပ်ရေးဥပဒေတွေကိုစပြီး ပြင်ဆင်သွားမှာ ဖြစ်ပါတယ်”  ဟု ဝန်ကြီးချုပ်မေက ပြောသည်။