ကာတာလိုနီးယား၌ ခွဲထွက်ရေးဆန္ဒခံယူပွဲ တစ်နှစ်ပြည့် ချီတက်မှုများပြုလုပ်

ကာတာလိုနီးယား၌ ခွဲထွက်ရေးဆန္ဒခံယူပွဲ တစ်နှစ်ပြည့် ချီတက်မှုများပြုလုပ်

စပိန်မှ ခွဲထွက်ရန် ပြည်သူ့ဆန္ဒခံယူပွဲကျင်းပခဲ့မှု တစ်နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ကာတာလိုနီးယားဒေသရှိ မြို့များစွာ၌ အောက်တိုဘာ ၁ ရက်တွင် လူထောင်ပေါင်းများစွာသည် ချီတက်ဆန္ဒပြမှုများကိုပြုလုပ်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင်များကလည်း ဆန္ဒပြသူများကို အင်အားသုံးလူစုခွဲခဲ့သည်။

လူ ၁၈၀ဝ၀ဝ ကျော်သည် ဘာစီလိုနာ၌ ချီတက်ခဲ့ကြခြင်းဖြစ်သည်။ ကာတာလိုနီးယားဒေသဆိုင်ရာလွှတ်တော်ရှေ့၌ ဆန္ဒပြသူများကို နံပါတ်တုတ်များကိုင်ဆောင်ထားသည့် ရဲတပ်ဖွဲ့ဝင်များက အင်အားသုံးဖြိုခွဲခဲ့သည်။ ကာတာလိုနီးယားဒေသလွတ်လပ်ရေးအတွက် လှုပ်ရှားသူရာပေါင်းများစွာသည်လည်း အမြန်ရထားလမ်းကို နာရီပေါင်းများစွာ ပိတ်ဆို့ထားခဲ့သည်။ မော်တော်ယာဉ်သွားလမ်းများကိုလည်း ပိ်တ်ဆို့ထားခဲ့သည်။
    ကာတာလိုနီးယား၌ ၂၀၁၇ ခုနှစ် အောက်တိုဘာ ၁ ရက်တွင် ပြည်သူ့ဆန္ဒခံယူပွဲကျင်းပခဲ့ပြီး ခွဲထွက်ရေးအစိုးရသည် အောက်တိုဘာ ၂၇ ရက်တွင် လွတ်လပ်ရေးကို တစ်ဖက်သတ်ကြေညာခဲ့သည်။ သို့သော် စပိန်ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ပြည်သူ့ဆန္ဒခံယူပွဲကို တရားမဝင်ကြောင်း ဆုံးဖြတ်ခဲ့ပြီး ဗဟိုအစိုးရက တိုက်ရိုက်အုပ်ချုပ်မှုပြုလုပ်ခဲ့သည်။ ကာတာလိုနီးယား၌ ပြည်သူ့ဆန္ဒခံယူပွဲကာလအတွင်း မဲရုံများသို့သွားရောက်သူများကို ရဲတပ်ဖွဲ့ဝင်များက အင်အားသုံးတားဆီးခဲ့သည့်အတွက် ရုန်းရင်းဆန်ခတ်မှုများရှိခဲ့သည်။
    နှစ်ပတ်လည်ချီတက်မှုများကို စပိ်န်မှ ခွဲထွက်ရန်တောင်းဆိုနေသည့် ပြည်သူ့သမ္မတနိုင်ငံကာကွယ်ရေးကော်မတီများ ( CDRs) က စီစဉ်ခဲ့ခြင်းဖြစ်သည်။ CDRs မှ လှုပ်ရှားသူများသည် ဘာစီလိုနာနှင့် ဖီဂူရက်စ်ကြားပြေးဆွဲနေသည့် ရထားလမ်းကြောင်းကို နာရီအနည်းငယ်ပိတ်ဆို့ထားခဲ့ပြီး လိုင်ဒါနှင့် ဘာစီလိုနာတို့ရှိ လမ်းမများကိုလည်း ပိတ်ဆို့ထားခဲ့သည်။ လန်ဒန်နှင့် ပါရီတို့တွင်လည်း CDRs မှ လှုပ်ရှားသူများ ဆန္ဒပြမှုများကိုပြုလုပ်ခဲ့သည်။
    ဇွန်တွင် ကာတာလိုနီးယား၌ ကျူယင်တော်ရာ ဦးဆောင်သော အမျိုးသားရေးဝါဒီများအဓိကပါဝင်သည့် အစိုးရသစ် ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီးနောက် ဗဟိုအစိုးရသည် တိုက်ရိ်ုက်အုပ်ချုပ်မှုကို ရုပ်သိမ်းခဲ့သည်။ ဖိအားပေးခဲ့သည့်အတွက် လှုပ်ရှားသူများကို ချီးကျူးပါကြောင်း တော်ရာက ကာတာလိုနီးယားမြောက်ပိုင်းတွင် ပြောဆိုခဲ့သည်။
    လွတ်လပ်ရေးကြိုးပမ်းမှုမအောင်မြင်ခဲ့ပြီးနောက် ဘယ်လ်ဂျီယံသို့ တိ်မ်းရှောင်ခဲ့သည့် ကာလက်စ် ပူဒေမန်နေရာတွင် တော်ရာက တာဝန်ထမ်းဆောင်ခဲ့ခြင်းဖြစ်သည်။ ကာတာလိုနီးယားဒေသ၌ ငြိမ်ဝပ်ပိပြားမှုရှိရေးမှာ တော်ရာနှင့် ဒေသဆိုင်ရာအစိုးရတို့တွင်သာတာဝန်ရှိကြောင်း ကာတာလန်သားတစ်ဦးဖြစ်သည့် နိုင်ငံခြားရေးဝန်ကြီး ဟိုဆက် ဘော်ရယ်က ပြောဆိုခဲ့သည်။