၁၉၅၀-၅၃ ကိုရီးယားစစ်ပွဲ တရားဝင်အဆုံးသတ်ကြောင်း ကြေညာခြင်းသည် နျူကလီးယားဖျက်သိမ်းရေးအတွက် ဈေးဆစ်ညှိနှိုင်းမှု မည်သည့်အခါမျှ ဖြစ်မလာနိုင်ကြောင်း၊ အမေရိကန်အနေဖြင့် ယင်းစစ်ပွဲ တရားဝင် အဆုံးမသတ်လိုပါကလည်း ယင်းသို့မမျှော်လင့်ရန် မြောက်ကိုရီးယားက ပြောဆိုလိုက်သည်။
လွန်ခဲ့သည့်လက မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နှင့် တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်တို့ ပြုံယမ်း၌ တွေ့ဆုံဆွေးနွေးခဲ့စဉ် ကင်ဂျုံအွန်က အမေရိကန်အနေဖြင့် လိုက်လျောညီထွေတုံ့ပြန်မည်ဆိုလျှင် ယောင်ဗျုန်း နျူကလီးယား အဝန်းအဝိုင်းကြီးတစ်ခုလုံးကို အပြီးအပိုင်ဖျက်သိမ်းရန် ဆန္ဒရှိကြောင်း ဖော်ပြခဲ့သည်။ ယင်းသို့ဆိုပါက ကိုရီးယားစစ်ပွဲ တရားဝင်အဆုံးသတ်ရေး ပါဝင်မည်ဖြစ်ကြောင်း သမ္မတမွန်းက ပြောဆိုခဲ့သည်။
အောက်တိုဘာ ၂ ရက်တွင် မြောက်ကိုရီးယားနိုင်ငံပိုင် ကေစီအင်န်အေသတင်းဌာနက စစ်အဆုံးသတ်ကြောင်း ကြေညာခြင်းသည် ရာစုနှစ်ဝက်ကြာပြဿနာကို ဖြေရှင်းလိုက်ခြင်းဖြစ်ပြီး မြောက်ကိုရီးယားနှင့်အမေရိကန်အကြား အခြေခံ အကျဆုံးနှင့် အဓိကအကျဆုံး ဆက်ဆံရေး၊ ငြိမ်းချမ်းရေးတို့ကို ထူထောင်နိုင်ခြင်းဖြစ်ကြောင်း၊ အမေရိကန်ကလည်း ယင်းသို့ သဘောထားကြောင်း ရှင်းလင်းခဲ့သည်။
မြောက်ကိုရီးယားသည် နှစ်နိုင်ငံအကြား ရန်လိုသည့်ဆက်ဆံရေးကို အဆုံးသတ်နိုင်ရေး သိသာထင်ရှားသည့်အတိုင်းအတာဖြင့် ဆောင်ရွက်ခဲ့ကြောင်း၊ သို့သော် အမေရိကန်သည် ဆန်ရှင်(sanction)များဖြင့် ထိန်းချုပ်ရန် ကြိုးပမ်းနေကြောင်း၊ လည်ထွက်နေသည့် နျူအရေးစေ့စပ်ညှိနှိုင်းမှုများတွင် နောက်ထပ်တိုးတက်မှုများ ရရှိလိုပါက ဆန်ရှင်များရုပ်သိမ်းရန် တောင်းဆိုကြောင်းလည်း ဖော်ပြခဲ့သည်။ အမေရိကန်၏လိုက်လျောညီထွေတုံ့ပြန်မှုရှိမည်ဆိုပါက မြောက်ကိုရီးယားနျူကလီးယားစီမံကိန်း၏ ကျောရိုးဖြစ်သည့် ယောင်ဗျုန်းနျူကလီးယားရပ်ဝန်းကို ရပ်တန့်လိုက်လိုကြောင်းလည်း ရှင်းလင်းခဲ့သည်။
ဇွန်လတွင် မမျှော်လင့်ဘဲ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ကင်ဂျုံအွန်တို့ ထိပ်သီးချင်းတွေ့ဆုံခဲ့ရာတွင် ကိုရီးယားကျွန်းဆွယ်တွင် နျူကင်းစင်ရေး အားထုတ်ဆောင်ရွက်သွားကြရန်နှင့် ယင်းဒေသ၌ တည်ငြိမ် ငြိမ်းချမ်းသည့်အစိုးရတစ်ရပ် ကြာရှည်တည်ထောင်ထားသင့်ကြောင်းလည်း သဘောတူခဲ့သည်။

















