ခန္ဓာကိုယ် ခုခံအားစနစ်ကိုအသုံးပြုကာကင်ဆာကိုချေမှုန်းမည့် နည်းလမ်းကိုရှာဖွေတွေ့ရှိခဲ့သောဆေးပညာရှင်နှစ်ဦးကို ၂၀၁၈ ခုနှစ်အတွက် ဆေးပညာဆိုင်ရာ နိုဘယ်ဆုချီးမြှင့်လိုက်ကြောင်း သိရသည်။
အမေရိကန်မှ ပါမောက္ခ ဂျိမ်းစ် ပီအဲလီဆင်နှင့် ဂျပန်မှ ပါမောက္ခ တာဆူကူဟွန်ဂျိုတို့၏ လေ့လာတွေ့ရှိချက်ကြောင့် လူသေဆုံးမှုများသော အရေပြားကင်ဆာကိုကုသရာတွင် များစွာခရီးရောက်ခဲ့သည်။ ခန္ဓာကိုယ် ခုခံအားစနစ်ကိုအသုံးပြုကာ ကင်ဆာကိုချေမှုန်းခြင်းနည်းလမ်းသည် ကင်ဆာကုသရေးလုပ်ငန်းစဉ်ကိုတစ်ဆစ်ချိုးပြောင်းလဲစေခဲ့သည်ဟု နိုဘယ်ဆုရွေးချယ်ချီးမြှင့်သည့် ဆွီဒင်အကယ်ဒမီကထုတ်ပြန်ပြောကြားသည်။ ခန္ဓာကိုယ် ခုခံအားစနစ်ကိုအသုံးပြုကာကင်ဆာချေမှုန်းသောနည်းသည် အလွန်ထိရောက်သည်ဟု ကျွမ်းကျင်သူများကလည်း သက်သေပြထားပြီး ဖြစ်သည်။
ပါမောက္ခ အဲလီဆင်သည် တက္ကဆက်တက္ကသိုလ်မှဖြစ်ပြီး၊ ပါမောက္ခ ဟွန်ဂျိုသည် ကျိုတိုတက္ကသိုလ်မှ ဖြစ်သည်။ ထိုနှစ်ဦးသည် ဆုကြေးဒေါ်လာ ၁ ဒသမ ဝ၁ သန်းကို ခွဲဝေလက်ခံရရှိမည်ဖြစ်သည်။
“ခန္ဓာကိုယ် ခုခံအားစနစ်ကိုသုံးကာ ကင်ဆာချေမှုန်းသောနည်းကိုပို၍ အစွမ်းထက်အောင် ဆက်လက်ကြိုးပမ်းကာ ကမ္ဘာ့လူသားများအသက်ကို ကယ်တင်နိုင်ရေး ကြိုးစားသွားမည်”ဟု ဆုလက်ခံရာတွင် ပါမောက္ခ ဟွန်ဂျိုက ပြောသည်။
ပါမောက္ခ အဲလီဆင်နှင့် ဟွန်ဂျိုတို့သည် အသက် ၇၀ တန်းများဖြစ်သည်။ ကင်ဆာကျိတ်များကို ခန္ဓာကိုယ် ခုခံအားစနစ်ကတိုက်ခိုက်ခြင်းမပြုအောင် တားထားသည့် ပရိုတိန်းများကိုဖယ်ရှားလိုက်ခြင်းဖြင့် ခုခံအားစနစ်သည် ကင်ဆာအကျိတ်များကို တိုက်ခိုက်ကာရောဂါပျောက်ကင်းသူအများအပြားရှိနေပြီဖြစ်သည်။ ထိုနည်းလမ်းကိုအခြေခံကာထုတ်လုပ်ထားသောဆေးဝါးများသည် ရောဂါကျွမ်းသည့်အဆင့် ရောက်နေပြီဖြစ်သော ကင်ဆာဝေဒနာရှင်များအတွက်ပါ မျှော်လင့်ချက်များရှိလာပြီဖြစ်ကြောင်းလည်း ပါမောက္ခနှစ်ဦးက ပြောသည်။

















