တောင်တရုတ်ပင်လယ်အတွင်း တရုတ်ဖျက်သင်္ဘောတစ်စီးက အမေရိကန်စစ်သင်္ဘောအနီး အန္တရာယ်ကြီးစွာ ဖြတ်မောင်းခဲ့ဟု ဆို

တောင်တရုတ်ပင်လယ်အတွင်း တရုတ်ဖျက်သင်္ဘောတစ်စီးက အမေရိကန်စစ်သင်္ဘောအနီး အန္တရာယ်ကြီးစွာ ဖြတ်မောင်းခဲ့ဟု ဆို

တောင်တရုတ်ပင်လယ်အတွင်းတွင် တရုတ်ဖျက်သင်္ဘောတစ်စီးက အမေရိကန်စစ်သင်္ဘောတစ်စီး အနီးကပ်၍ အန္တရာယ်ရှိလောက်အောင် ဇွတ်အတင်းဖြတ်မောင်းခဲ့သဖြင့် မတိုက်မိစေရန် အမေရိကန်စစ်သင်္ဘောက ရှောင်တိမ်းပေးခဲ့ရကြောင်း အမေရိကန်ရေတပ် ပစိဖိတ်ရေယာဉ်စုက ထုတ်ဖော်ပြောဆိုခဲ့သည်။

အောက်တိုဘာ ၂ ရက်က ယင်းသို့ပြောဆိုချက်သည် တင်းမာမှုမြင့်မားနေသည့်နှစ်နိုင်ငံအကြား နဖူးတွေ့ဒူးတွေ့ ရင်ဆိုင်ခဲ့မှုတစ်ခုဖြစ်သည်။ စက်တင်ဘာ ၃၀ ရက်က ဂါဗန်းကျောက်တန်းအနီးရှိ ယူအက်စ်အက်စ် ဒီကေ့ထာစစ်သင်္ဘောထံ တရုတ်ဖျက်သင်္ဘောသည် ဘေးမကင်းသည့်အပြင် ကျွမ်းကျင်မှုနည်းပါးသည့်ထိန်းသိမ်းမှုဖြင့် ချဉ်းကပ်ခဲ့ခြင်းဖြစ်ကြောင်း ပစိဖိတ်ရေယာဉ်စုပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး တင်မ်ဂေါ်မန်က ပြောဆိုခဲ့သည်။
    ယင်းတရုတ်ဖျက်သင်္ဘောသည် ဒီကေ့တာဦးပိုင်းနှင့် ၄၅ ကိ်ုက်(၄၁ မီတာ)အတွင်းထိ ချဉ်းကပ်ခဲ့ကာ ထက်သန်ရန်လိုမှု အကြိမ်ကြိမ်ပြသခဲ့ပြီး ဒီကေ့တာအား ယင်းဧရိယာမှထွက်ခွာသွားရန် အချက်ပေးခဲ့ကြောင်းလည်း ပြောဆိုခဲ့သည်။ တောင်တရုတ်ပင်လယ်အတွင်းရှိ မဟာဗျူဟာမြောက်ရေလမ်းကြောင်းအများစုကို တရုတ်က ၄င်းပိုင်အဖြစ် တောင်းဆိုထားပြီး ကျောက်တန်းများတွင် လူလုပ်ကျွန်းများဆောက်လုပ်ကာ လေယာဉ်ကွင်း၊ ရေဒါနှင့် ဒုံးကျည်စခန်းများ ဖြည့်ဆည်းထားသည်။
    တရုတ်ပိုင်ကျွန်းများနှင့် ကျောက်တန်းများတစ်ဝိုက် အမေရိကန်စစ်သင်္ဘောဝင်ရောက်ခဲ့ခြင်းကို ကန့်ကွက်ကြောင်း၊ ယင်းစစ်သင်္ဘောကို ဒုံးကျည်တင်တရုတ်စစ်သင်္ဘောလျိုယန်းက အလျင်အမြန် သွားရောက်မောင်းထုတ်ခဲ့ကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက အောက်တိုဘာ ၂ ရက်၌ ထုတ်ပြန်ခဲ့သည်။ အမေရိကန်အနေဖြင့် ရန်စသည့်အပြုအမူ ရပ်တန့်ရန် တိုက်တွန်းကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
    ကုန်သွယ်ရေးအငြင်းပွားမှု မြင့်တက်လာပြီးနောက် တရုတ်နှင့်အမေရိကန်အကြား ဆက်ဆံရေးယိုယွင်းနေသည်။ ရုရှားကို ဆန်ရှင်(sanction)ချမှတ်ထားသည့် အမေရိကန်သည် ရုရှားလုပ်ခေတ်မီတိုက်လေယာဉ်နှင့် လေယာဉ်ပစ်ဒုံးကျည်များ ဝယ်ယူသည့်တရုတ်စစ်ဘက်ကိုပါ ဒဏ်ခတ်လာ၍ ဆက်ဆံရေးပိုမိုဆိုးရွားနေသည်။