မီးရထားစက်ပြင်တစ်ဦးက အရက်မူးပြီး တွဲကူးစဉ် ရထားပေါ်မှ ပြုတ်ကျသေဆုံး

မီးရထားစက်ပြင်တစ်ဦးက အရက်မူးပြီး တွဲကူးစဉ် ရထားပေါ်မှ ပြုတ်ကျသေဆုံး

ဝမ်းတွင်းမြို့နယ်တွင် မီးရထားစက်ပြင်တစ်ဦးက အရက်မူးပြီး တွဲကူးစဉ် ရထားပေါ်မှပြုတ်ကျသေဆုံးခဲ့မှုကို သက်ဆိုင်ရာက သေမှုသေခင်းဖွင့် အရေးယူထားကြောင်း ဝမ်းတွင်းမြို့မရဲစခန်းမှ သိရသည်။ 

စက်တင်ဘာ ၃၀ ရက် ည ၈ နာရီအချိန်ခန့်က ဝမ်းတွင်းမြို့ကျောက်ဆည်ရွာအနီး ရန်ကုန်-မန္တလေး မီးရထားလမ်းမိုင်တိုင်အမှတ် (၃၂၄/၁၈)နှင့် (၃၂၄/၁၉)ကြားတွင် အမျိုးသားတစ်ဦး မီးရထားပေါ်မှ ပြုတ်ကျသေဆုံးနေကြောင်း သတင်းအရ ဝမ်းတွင်းမြို့နယ်ရဲစခန်းမှ ဒုရဲအုပ်ဝင်းဇေယျာဦးနှင့်အဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်။ 
သေဆုံးသူမှာ အောင်ကျော်ဆန်းဖြစ်ပြီး ၎င်းမှာ မြို့ဟောင်း-သာစည် မီးရထားစက်ခေါင်းအမှတ် DF-1267 အစုန်လူစီးလော်ကယ် မီးရထားပေါ်တွင် စက်ပြင်အဖြစ် စီးနင်းလိုက်ပါလာသူတစ်ဦးဖြစ်သည်။ အရက်သောက်စားမူးယစ်ကာ တစ်တွဲမှ တစ်တွဲသို့ ကူးပြောင်းစဉ် မီးရထားပေါ်မှ ပြုတ်ကျခဲ့ ခြင်းဖြစ်သည်။

သေဆုံးသူတွင် ဦးခေါင်း၊နားနှင့် နောက်ကျောတို့တွင် ဒဏ်ရာများရရှိခဲ့ပြီး အခင်းဖြစ်နေရာတွင် သေဆုံးခဲ့သောကြောင့် ဝမ်းတွင်းမြို့မရဲစခန်းက သေမှုသေခင်းအမှတ်စဉ်(၁၄/၁၈)အရ အမှုဖွင့် အရေးယူထားသည်။