မိမိအားပျိုးထောင်ခဲ့သည့် ဟံသာဝတီယူနိုက်တက် ကျေးဇူးကိုမမေ့ကြောင်း မောင်မောင်လွင် ဖွင့်ဟ

မိမိအားပျိုးထောင်ခဲ့သည့် ဟံသာဝတီယူနိုက်တက် ကျေးဇူးကိုမမေ့ကြောင်း မောင်မောင်လွင် ဖွင့်ဟ

မြန်မာ့လက်ရွေးစင်ကစားသမားဖြစ်အောင် မိမိကို ပြုစုပျိုးထောင်လာခဲ့သည့် ဟံသာဝတီ ယူနိုက်တက်ကျေးဇူးကို မမေ့ကြောင်းနှင့် ဟံသာဝတီအသင်းနှင့်ဆုံတွေ့တိုင်း ဂိုးသွင်းနိုင် ပါက အောင်ပွဲမခံရန် ဆုံးဖြတ်ထားကြောင်း ရန်ကုန်ယူနိုက်တက်ကွင်းလယ်လူ မောင်မောင်လွင်က ပြောဆိုခဲ့သည်။

အောင်ပွဲခံခဲ့ခြင်းမရှိ

ကွင်းလယ်လူမောင်မောင်လွင်သည် ဟံသာဝတီယူနိုက်တက်အသငး်၏ ငယ်မွေးခြံပေါက် ကစားသမားတစ်ဦးဖြစ်ပြီး ယခုနှစ်ရာသီတွင် ရန်ကုန်ယူနိုက်တက်သို့ ပြောင်းရွှေ့လာခဲ့ သည်။ ၎င်းသည် ပြီးခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ဗိုလ်လုပွဲတွင် အသင်းဟောင်း ဟံသာဝတီယူနိုက်တက်ဘက်သို့ သွင်းဂိုးတစ်ဂိုးသွင်းယူခဲ့သော်လည်း အောင်ပွဲခံခဲ့ခြင်းမရှိဘဲ လက်အုပ်ချီကာ တောင်းပန်သည့် အမူအရာသာပြုလုပ်ခဲ့သည်။

သံယောဇဉ်ရှိ

"ဗိုလ်ချုပ်အောင်ဆန်းဒိုင်းချန်ပီယံဆုနဲ့လွဲချော်ခဲ့တဲ့ ဟံသာဝတီအသင်းအတွက် ဝမ်း နည်းပါတယ်လို့ အရင်ဆုံးပြောချင်ပါတယ်။ အဲဒီနေ့ပွဲမှာ ဂိုးသွင်းပြီးအောင်ပွဲမခံတာက လေးစားသမှုနဲ့ပါ။ အသင်းဟောင်းကို အတော်သံယောဇဉ်ရှိပါတယ်။ ဒီအသင်းမှာ ကျွန် တော် (၁၀) နှစ်နီးပါးနေလာခဲ့တာပါ။ ဒီအဆင့်ထိရောက်အောင် ပြုစုပျိုးထောင်းပေးလာ တဲ့အသင်းရဲ့ ကျေးဇူးကို ကျွန်တော်မမေ့ပါဘူး။ လာမယ့်နှစ်တွေမှာ ရန်ကုန်မှာပဲဆက် ကစားဖြစ်လို့ ဟံသာဝတီအသင်းနဲ့ပွဲမှာ ဂိုးသွင်းဖြစ်ခဲ့ရင်တောင် ဘယ်တော့မှအောင်ပွဲခံမှာ မဟုတ်ပါဘူး"ဟု မောင်မောင်လွင်က ဖွင့်ဟခဲ့သည်။

ဆန္ဒပြင်းပြလျက်ရှိ

မြန်မာ့လက်ရွေးစင်ကစားသမား မောင်မောင်လွင်ကို ထိုင်းလိဂ်-၁ ကလပ်ငါးသင်းမှ လာမည့်ရာသီတွင် ခေါ်ယူရန် ကြိုးစားလျက်ရှိရာ ကာယကံရှင်ကစားသမားကလည်း သွား ရောက်ကစားရန် ဆန္ဒပြင်းပြလျက်ရှိပြီး ထိုင်းကလပ်ဘက်မှ ကမ်းလှမ်းမှုများရှိပါက လက်ခံ ဆွေးနွေးမည်ဟု ရန်ကုန်ယူနိုက်တက်ကလည်း ပြောဆိုထားသည်။

လက်ရှိအချိန်တွင် မောင်မောင်လွင်သည် ဂျာမနီနိုင်ငံသားအေးဂျင့်၏ အကူအညီဖြင့် ထိုင်းကလပ်သို့ပြောင်းရွှေ့ရန် ကြိုးစားလျက်ရှိနေပြီး ဆူဇူကီးဖလားပြိုင်ပွဲအပြီးတွင် အပြောင်း အရွှေ့အတွက် အဖြေပေါ်နိုင်ဖွယ်ရှိနေသည်။



ဖတ်ရှုမှုအများဆုံး