လှည်းကူးမြို့နယ်ရှိ ကားဂိတ်တစ်ခုတွင် ကျည် ၉၅၀၄ တောင့်သိမ်းဆည်းရမိခဲ့မှုနှင့်ပတ်သက်၍ စုံစမ်းနေစဉ် လှိုင်သာယာမြို့နယ်အတွင်းမှ သေနတ်ကျည် အတောင့် ၁၀ဝ ထပ်မံသိမ်းဆည်းရမိခဲ့မှု အောက်တိုဘာ ၁ ရက်နေ့ကဖြစ်ပွားခဲ့သည်။
အောက်တိုဘာလ ၁ ရက်နေ့ နံနက် ၁ နာရီ မိနစ်၂၀ အချိန်တွင် လှည်းကူးမြို့မရဲစခန်း၏(ပ) ၁၀၂၇/ ၁၈၊ လက်နက်အက်ဥပဒေပုဒ်မ ၁၉(ဃ)/၁၉(စ)အမှုကို သက်ဆိုင်ရာက ကွင်းဆက်မပျက် ဆက်လက်စုံစမ်းနေစဉ် လှိုင်သာယာမြို့နယ်နေ ပဒေသာပင်မြို့တော်နေ ဇော်ဇော်ထက်လူ၏ နေအိမ်တွင် လက်နက်ခဲယမ်းများ သိုလှောင်ထားကြောင်း သတင်းရရှိခဲ့သည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ လှိုင်သာယာမြို့ နယ်ရဲတပ်ဖွဲ့မှူးနှင့်ချိတ်ဆက်ဆောင်ရွက်ခဲ့ရာ ဇော်ဇော်ထက်လူ မှာ နေအိမ်တွင်မရှိဘဲ နံနက် ၉ နာရီ အချိန်ခန့်က ကားဖြင့်အပြင်သို့ထွက်သွားခဲ့ကြောင်း သတင်းရရှိခဲ့သည်။ သက်ဆိုင်ရာ၏ ပူးပေါင်းဖော်ထုတ်ချက်အရ ဇော်ဇော်ထက်လူ(၄၅)နှစ်ကို မွန်းလွဲ ၁ နာရီခန့်တွင် စမ်းချောင်းမြို့နယ် မြေနီကုန်း(မြောက်)ရပ်ကွက် ပြည်ဂါးဒင်းအိမ်ရာဝင်ပေါက်အနီး၌ မာစီဒီးယာဉ်နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
၎င်းခန္ဓာကိုယ်နှင့် ယာဉ်ပေါ်အား ရှာဖွေရာ လက်နက်ခဲယမ်း တစ်စုံတစ်ရာ မတွေ့ရှိခဲ့ကြောင်း၊ ၄င်းနေအိမ်ခန်းအတွင်း ဆက်လက်ရှာဖွေခဲ့ရာ TV စင်အောက်၌ ပလပ်စတစ်ဖြင့် ထုပ်ထားသော S&B 7.65 Br 13 MM(.32 Auto)ကျည် ၁၀ဝ တောင့်ကို တွေ့ရှိခဲ့သဖြင့် ည ၁၀ နာရီခွဲအချိန်တွင် ဇော်ဇော်ထက်လူကို လှိုင်သာယာမြို့မရဲစခန်းက (ပ)၃၆၉၁/၁၈၊ လက်နက်ဥပဒေပုဒ်မ ၁၉(စ)အရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
၄င်းထံမှ သိမ်းဆည်းရမိခဲ့သည့် သေနတ်ကျည်များကို အမှတ် ၅၃၂ ခြေမြန်တပ်ရင်းသို့ သက်ဆိုင်ရာက လွှဲပြောင်းအပ်နှံခဲ့ကြောင်း သိရသည်။

















