မြို့နယ် ၂ မြို့နယ်အတွင်း ဆေးခြောက်များနှင့်အတူ လူငယ် ၇ ဦးကို ဖမ်းဆီး

မြို့နယ် ၂ မြို့နယ်အတွင်း ဆေးခြောက်များနှင့်အတူ လူငယ် ၇ ဦးကို ဖမ်းဆီး

ပန်းဘဲတန်းမြို့နယ်အတွင်း ဆေးခြောက်နှင့်အတူ ဖမ်းဆီးရမိသူကို စစ်ဆေးရာမှ ဗိုလ်တထောင်မြို့ နယ်အတွင်း ဆေးခြောက် (၅၀ဝ)ဂရမ်နှင့် ငွေများကို သက်ဆိုင်ရာက အောက်တိုဘာ ၂ ရက်နေ့တွင် ဆက်လက်သိမ်းဆည်းအရေးယူခဲ့သည်။ 
 

အောက်တိုဘာ ၁ ရက်နေ့ ည ၁၁ နာရီ ၁၀ မိနစ်တွင် ပန်းဘဲတန်းမြို့နယ် ၂၅ လမ်းထိပ်တွင် မူးယစ်ဆေးဝါးမှုဖြင့် မသင်္ကာသူ ကျောက်တံတားမြို့နယ်နေ ဝေယံလင်းထက်(၁၉ နှစ်)ကို လှည့်ကင်းအဖွဲ့က ဆေးခြောက်ဟုယူဆရသည့် အရွက်ခြောက် ၅ ဒသမ ၇၅ ဂရမ်၊ လက်ကိုင်ဖုန်း ၁ လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ 

၄င်းကို ပန်းဘဲတန်းမြို့မရဲစခန်းက မယ(ပ) ၁၂/၁၈၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၆(ဂ) အရ အမှုဖွင့်စစ်ဆေးခဲ့သည်။

အဆိုပါအမှုမှ ဝေယံလင်းထက် (ခ)ဘင်း ကို ဆက်လက်စစ်ဆေးချက်အရ ဗိုလ်တထောင်မြို့နယ် ချမ်းလင်းထက်၊ (၂၇)နှစ်၏ နေအိမ်ခန်းသို့ ဝင်ရောက်ရှာဖွေခဲ့ရာ ချမ်းလင်းထက်နှင့်အတူ သူရိန်ဦး (၃၀) နှစ်၊ ထက်လင်းခန့် (၂၃)နှစ်၊ အောင်ကျော်မိုး(၂၂)နှစ်၊ စတီဗင်တင်လှ(၁၇)နှစ်နှင့် အောင်ကျော်ဦး(၂၃)နှစ်တို့ (၆)ဦးကို ဆေးခြောက်စုစုပေါင်း(၅၁၀)ဂရမ်၊ငွေစက္ကူရောရာ(၃၁၀ဝ၀ဝ)ကျပ်၊လက်ကိုင်ဖုန်းမျိုးစုံ(၈)လုံးတို့နှင့်အတူဖမ်းဆီးရမိသောကြောင့်ဗိုလ်တထောင်မြို့မရဲစခန်းက မယ(ပ)၁၂/၁၈၊မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၉ (က)/၂၀(က)/၂၁ အရ ဆက်လက်အမှုဖွင့်အရေးယူထားကြောင်း သိရသည်။