နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့နယ်တွင် သမီးရည်းစားစုံတွဲများနှင့် ဆိုင်ကယ်စီးနင်း သူများထံမှ ငွေ၊ လက်ကိုင်ဖုန်းနှင့် ဆိုင်ကယ်တို့ကို လုယူခဲ့သူ လူငယ် ၄ ဦးကို သက်ဆိုင်ရာက ဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
စက်တင်ဘာ ၃၀ ရက် ည ၇ နာရီ ၄၅ မိနစ်တွင် ပျဉ်းမနားမြို့နေ ရွာကောက်ရပ်နေ ဒေါ်ဝေဝေလှိုင်သည် ပျဉ်းမနားမြို့ ၊ပေါင်းလောင်း အားကစားကွင်းဘက်မှ နှင်းဆီပန်းအဝိုင်းဘက်သို့ ၄၂ယ/၇၈၅၀၉ ကန်ဘို ဆိုင်ကယ်ဖြင့် မောင်းနှင်လာစဉ် အမည်မသိလူ (၃)ဦး စီးနင်းလာသည့် ဆိုင်ကယ်က ဆိုင်ကယ်၏ ဝဲဘက်လက်ကိုင်တွင် ချိတ်ထားသော ဘိုနီယာခဲရောင် ပိုက်ဆံအိတ်အား လုယူထွက်ပြေးသွားခဲ့သည်။ ဆိုင်ကယ်TAXIမောင်းနှင်သူများနှင့် ရဲတပ်ဖွဲ့ဝင်များက လိုက်လံဖမ်းဆီးခဲ့ရာ ပျဉ်းမနားမြို့တောင်သာရပ်ကွက်ဦးမင်းဒင်လမ်းဆုံတွင် မင်းလွင်အောင်(၂၀)နှစ်၊ပြည့်ဖြိုးအောင်(ခ)ဖိုးကောက် (၁၇)နှစ်၊ ရဲဇော်အောင်(၁၇)နှစ်ကို ဖမ်းဆီးရမိခဲ့ပြီး ပျဉ်းမနားမြို့မရဲစခန်းက (ပ)၆၄၇ / ၁၈၊ရာဇသတ်ကြီးပုဒ်မ ၃၈၂ အရ အမှုဖွင့်ကာ အခြားလုယက်မှုများကျူးလွန်ခြင်းရှိမရှိ ဆက်လက်စုံစမ်းခဲ့သည်။
အမှုဖြင့် ဖမ်းဆီးထားသူ မင်းလွင်အောင် ၊ ပြည့်ဖြိုးအောင် (ခ)ဖိုးကောက် ၊ ရဲဇော်အောင် (၃)ဦးတို့ကို စစ်ဆေးချက်များအရ အမှုတွင်ပါဝင်သူ နိုင်ဇော်(ခ) ဇော်နိုင်ကို ဆက်လက်ဖမ်းဆီးခဲ့သည်။
စုံစမ်းချက်များအရ ၄င်းတို့မှာ ပျဉ်းမနားမြို့ ပန်းမြိုင်လယ်ဥယျာဉ်သို့ သွားရောက်ခဲ့ပြီး ပန်းခြံအတွင်းရှိ အတွဲများကို ဓားဖြင့်ထောက်ပြီး ရွှေဆွဲကြိုး(၁)ကုံး ဖုန်း(၂)လုံးတို့လုယူခဲ့ကြောင်း၊ အလားတူ ပါဠိကွေ့ မီးပွိုင့်အရောက်တွင် အမျိုးသမီး(၂)ဦးစီးလာသည့် ဆိုင်ကယ်နားသို့ ၄င်းတို့ဆိုင်ကယ်ကို ကပ်မောင်းကာငွေ (၆၀ဝ၀ဝ)ကျပ်ခန့်နှင့် ဟန်းဆက်(၁)လုံး တို့ပါ ဇစ်ဖိုင်အိတ်ကို လုယူခဲ့ကြောင်း ပေါ် ပေါက်ခဲ့သည်။
ထို့ပြင် စက်တင်ဘာလအတွင်း ကုက္ကိုတန်းလမ်း (ချစ်သူလမ်းကြား) ညောင်ပင်အနီးတွင် ချိန်းတွေ့နေသည့် သမီးရည်းစား အတွဲကို ဓားဖြင့်ထောက်၍ ဟန်းစက် (၂)လုံး၊ လုယူခဲ့သည့်အပြင် လွန်ခဲ့သော (၂၀) ရက်ခန့်က ပျဉ်းမနားမြို့ ပန်းမြိုင်လယ် ဥယျာဉ် အနောက်ဘက်တွင် ချိန်းတွေ့နေသည့် သမီးရည်းစားစုံတွဲ ဆိုင်ကယ်တစ်စီးကို ယခင်အတိုင်းကျူးလွန်ခဲ့ကြောင်းပေါ်ပေါက်ခဲ့သည်။
အဆိုပါအမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာက ၄င်းတို့ ဓားထောက်ခြိမ်းခြောက်လုယူခဲ့သည့် သက်သေခံ ပစ္စည်းများကို သိမ်းဆည်းကာ ဆက်လက်အမှုဖွင့်အရေးယူထားသည်။

















