အဖွဲ့အစည်းအချို့နှင့် လူပုဂ္ဂိုလ်အချို့သည် ဌာနဆိုင်ရာမှ ပုဂ္ဂိုလ်အချို့နှင့်ပူးပေါင်းပြီး နိုင်ငံပိုင် မြေများအား ဈေးပေါပေါဖြင့်ရယူပြီး တစ်ဆင့်ပြန်လည်ဈေးကောင်းယူငှားစားကာ ကိုယ်ကျိုးရှာနေသဖြင့် အဂတိတရားမကင်းပါက အရေးယူဆောင်ရွက်ရန်လိုအပ်ဟု မင်္ဂလာတောင်ညွှန့်မြို့နယ် ၊ မဲဆန္ဒနယ် အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက အောက်တိုဘာ ၃ ရက်၌ ပြောသည်။
ရန်ကုန်တိုင်းဒေသကြီးစာရင်းစစ်ချုပ်၏ ၂၀၁၆-၂၀၁၇ ခုနှစ်၊ ဘဏ္ဍာရေးနှစ် စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာအပေါ် ပြည်သူ့ငွေစာရင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာနှင့်စပ်လျဉ်း၍ အောက်တိုဘာ ၃ ရက်ကပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေး၌ ၎င်းက ထည့်သွင်းပြောဆိုဆွေးနွေးခဲ့သည်။
မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က နိုင်ငံပိုင်မြေများကို ဝန်ထမ်းသက်သာကော်မတီသို့ ငှားရမ်းပြီး ယင်းကော်မတီမှ ပုဂ္ဂလိကသို့ တစ်ဆင့်ပြန်ငှားရမ်းရာ၌ ဝန်းထမ်းသက်သာမှ ငှားရမ်းခ၏ ၇၀ ရာခိုင်နှုန်းဝန်းကျင်ရယူပြီး ဌာနမှ ၃၀ ရာခိုင်နှုန်းဝန်းကျင်သာရရှိကာ အလှူငွေပါကောက်ခံထားသည်ကို တွေ့ရှိရသည်ဟုလည်း ဦးလှဌေးက ဆွေးနွေးပြောဆိုသည်။
သခင်မြပန်းခြံလမ်း နှစ်ထပ်ဆောင်ငှားရမ်းရာတွင် ဝန်ထမ်းသက်သာမှ ၉၄ ရာခိုင်နှုန်းဝန်ကျင်ရယူပြီး ဌာနမှ ၆ ရာခိုင်နှုန်းဝန်းကျင် ၊ လမ်းမတော်မြို့နယ် ယာဉ်ဝင်ခတွင် ဝန်ထမ်းသက်သာမှ ၆၇ ရာခိုင်နှုန်းဝန်းကျင်ရယူပြီး ဌာနမှ ၃၂ ရာခိုင်နှုန်းဝန်းကျင် ၊ ကျောက်တံတားမြို့နယ် ယာဉ်ဝင်ခတွင် ဝန်ထမ်းသက်သာမှ ၈၁ ရာခိုင်နှုန်းဝန်းကျင်ရယူပြီး ဌာနမှ ၁၉ ရာခိုင်နှုန်းဝန်းကျင်၊ ဗိုလ်တစ်ထောင်မြို့ နယ် ယာဉ်ဝင်ခတွင် ဝန်ထမ်းသက်သာမှ ၉၆ ရာခိုင်နှုန်းဝန်းကျင်ရယူပြီး ဌာနမှ ၄ ရာခိုင်နှုန်းဝန်းကျင်၊ ကြည့်မြင်တိုင်မြို့နယ် ယာဉ်ဝင်ခတွင် ဝန်ထမ်းသက်သာမှ ၈၇ ရာခိုင်နှုန်းဝန်းကျင်ရယူပြီး ၊ ဌာနမှ ၁၃ ရာခိုင်နှုန်းဝန်းကျင်သာရရှိနေသဖြင့် ဌာနမှ ရရှိငွေသည် ဆိုးရွားစွာ နည်းပါးလွန်းနေပြီး နိုင်ငံတော်အတွက် များစွာနစ်နာဆုံးရူံးနေသည်ဟုလည်း ၎င်းက ထည့်သွင်းပြောဆိုသည်။
" ဝန်ထမ်းသက်သာငွေနဲ့ အလှူငွေများက မည်သည့်နေရာတွေမှာ သုံးစွဲနေပါသလဲ။ စိစစ်ဖော်ထုတ်ပေးဖို့လိုပါတယ်။ ငှားရမ်းခတွေကိုလည်း အပြည့်အဝ နိုင်ငံတော်ကသာ ရရှိသင့်ပါတယ် " ဟု ဦးလှဌေးက ပြောသည်။
















