လူမှုရေးဖောက်ပြန်သည်ဟုစွပ်စွဲကာ ခင်ပွန်း၏ ဓာတ်ဆီလောင်း မီးရှို့ခြင်းခံရသူ အမျိုးသမီး ဆေးကုသနေစဉ် သေဆုံး

လူမှုရေးဖောက်ပြန်သည်ဟုစွပ်စွဲကာ ခင်ပွန်း၏ ဓာတ်ဆီလောင်း မီးရှို့ခြင်းခံရသူ အမျိုးသမီး ဆေးကုသနေစဉ် သေဆုံး

မြောက်ဥက္ကလာပမြို့နယ်တွင် လူမှုရေးဖောက်ပြန်သည်ဟုစွပ်စွဲကာ ခင်ပွန်း၏ ဓာတ်ဆီလောင်း မီးရှို့ခြင်းခံရသူ အမျိုးသမီးသည် ဆေးကုသနေစဉ် သေဆုံးသွားခဲ့သောကြောင့် အောက်တိုဘာ ၂ ရက်တွင် လူသတ်မှုဖြင့် ပြောင်းလဲအရေးယူခဲ့ကြောင်း မြောက်ဥက္ကလာပမြို့မရဲစခန်းမှ သိရသည်။

အဆိုပါနေ့ နံနက် ၁၀ နာရီခွဲအချိန်ခန့်တွင် မြောက်ဥက္ကလာပဆေးရုံကြီးတွင် မီးလောင်ဒဏ်ရာဖြင့် ဆေးကုသမှုခံယူနေသူ မမိဖြိုးမှာ သေဆုံးကြောင်းသတင်းအရ ဒုရဲမှူးညီမျိုးလွင်နှင့်အဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်။ 
သေဆုံးသူမှာ စက်တင်ဘာ ၂၄ ရက်နေ့ ညနေ ၅ နာရီ မိနစ် ၅၀ ခန့်က မြောက်ဥက္ကလာပမြို့နယ် မေဓာဝီလမ်းပေါ်တွင် ကုန်စိမ်းရောင်းချစဉ် အရက်သောက်စားထားသည့် ခင်ပွန်းဖြစ်သူ ဦးစံမောင်က ၄င်းကိုအခြားအမျိုးသားတစ်ဦးနှင့်လူမှုရေးကိစ္စဖောက်ပြန်ကြောင်းပြောဆိုကာ ဓာတ်ဆီဗူးဖြင့် ပက်ဖျန်း၍ မီးရှို့ခဲ့သည်။ ၎င်း၏ခန္ဓာကိုယ်တွင် မီးလောင်ဒဏ်ရာများရရှိထားသဖြင့် မြောက်ဥက္ကလာပဆေးရုံတွင် ဆေးကုသနေစဉ် သေဆုံးခဲ့ခြင်းဖြစ်သည်။ 
အလောင်းကို ဆေးရုံက ပီအာရ်၁၅ ဖြင့် လက်ခံထားပြီး မူလဖွင့်လှစ်ထားသည့် မြောက်ဥက္ကလာပ မြို့မရဲစခန်း၏(ပ)၁၂၀၅/၁၈ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၂၆ မှ ပုဒ်မ ၃၀၂(လူသတ်မှု)သို့ ပြောင်းလဲ အမှုဖွင့် အရေးယူခဲ့ရကြောင်း သိရသည်။