အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေစီကျွန်းတွင် ပြင်းအား ၇ ဒသမ ၅ ရှိ ငလျင်ကြီးလှုပ်ခတ်ခဲ့ပြီး ဆူနာမီ ဒီလှိုင်း ရိုက်ပုတ်မှုကြောင့် သေဆုံးသူဦးရေသည် အောက်တိုဘာ ၃ ရက်နေ့လည်တွင် ၁၄၀၇ ဦးအထိ ရှိလာခဲ့သည်။
အလောင်း ၅၁၉ လောင်းကို သင်္ဂြိုဟ်ပြီးဖြစ်ကြောင်း အမျိုးသားသဘာဝဘေးဆိုင်ရာအေဂျင်စီပြောခွင့်ရသူ ဆူတိုပို ပါဝို နူဂရိုဟိုက ပြောဆိုသည်။ ကျွန်းပေါ်ရှိ ပါလူးမြို့နှင့် ဆူလာဝေစီအလယ်ပိုင်းသည် အကြီးအကျယ် ထိခိုက်ပျက်စီးခဲ့သည်။ အောက်တိုဘာ ၃ ရက်၌ ပါလူးသို့ရောက်ရှိလာသည့် သမ္မတ ဂျိုကို ဝီဒိုဒိုက လက်ခံထားသည့် ပြည်ပအကူအညီများ စတင်ရောက်ရှိလာပြီဖြစ်ကြောင်း ပြောဆိုခဲ့သည်။
အင်ဒိုနီးရှားစစ်တပ်ကို ပါလူးရှိ အရေးကြီးသည့် အခြေခံအဆောက်အအုံများတွင် အစောင့်ချထားပြီးဖြစ်သည်။ ဘေးဒဏ်သင့် ဒေသများစွာတွင် ဒေသခံများသည် အစားအသောက်၊ ရေနှင့် အခြားပစ္စည်းများကို ဈေးဆိုင်များနှင့် ဈေးဝယ်စင်တာများမှ အလုအယက်ရယူခဲ့ကြသည်။ ထောက်ပံ့ရေးယာဉ်တန်းများလည်း စစ်တပ်အစောင့်အရှောက်ဖြင့် သွားလာနေသည်။
အပြိုအပျက်များအောက် ပိတ်မိနေသူများကို ကယ်ဆယ်ရန် အချိန်လွန်သွားပြီဖြစ်ကြောင်းနှင့် ကျယ်ပြန့်လှသည့် လိုအပ်ချက်များ ရရှိရန် မလွယ်ကူကြောင်း ကုလသမဂ္ဂက သတိပေးခဲ့သည်။ ပါလူးမြို့တွင် အကြီးအကျယ်ပြိုကျပျက်စီးမှု ခြောက်နေရာခန့်ကို အစိုးရကယ်ဆယ်ရေးက အာရုံစိုက်နေပြီး ယင်းအထဲတွင် လူ ၆၀ ခန့် မြှုပ်နှံလျက်သားဖြစ်နေသည်ဟု ယုံကြည်ရသည့် ဟိုတယ် ရိုအာရိုအာလည်း ပါဝင်သည်။
အိမ် ၆၆၀ဝ၀ ခန့် ပြိုကျပျက်စီးခဲ့ပြီး လူနှစ်သိန်းခန့် အကူအညီ အလျင်အမြန်လိုအပ်နေကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှု ကူညီရေးဌာနက ပြောဆိုခဲ့သည်။

















