တရုတ်နာမည်ကျော် သရုပ်ဆောင် ဖန်ပင်းပင်းနှင့် ၎င်းပိုင်ကုမ္ပဏီများသည် အခွန်ရှောင်မှုများအတွက် ဒဏ်ငွေနှင့် ပြစ်ဒဏ်မကျခံရရေး ရှောင်လွှဲများအဖြစ် ဒေါ်လာ သန်း ၁၃၀ ကိုပေးဆောင်ရမည်ဖြစ်ကြောင်း တရုတ်နိုင်ငံပိုင်မီဒီယာက အောက်တိုဘာ ၃ ရက်တွင် ဖော်ပြခဲ့သည်။
ဖန်ပင်းပင်းသည် ပရိသတ်မြင်ကွင်းမှပျောက်ကွယ်နေသည်မှာ သုံးလရှိခဲ့ပြီဖြစ်ပြီး ၎င်းသည် အခွန်ရှောင်မှုများအတွက် စုံစမ်းစစ်ဆေးခံနေရကြောင်း ပြောဆိုမှုများရှိခဲ့သည်။ ဖန်သည် ပုဂ္ဂလိကဒဏ်ငွေအဖြစ် ဒေါ်လာ သန်း ၇၀ ကိုပေးဆောင်ရမည်ဖြစ်သည်။ ဖန်သည် စုစုပေါင်းအနေဖြင့် အခွန်ရှောင်မှုနှင့် ပေးဆောင်ရန်နောက်ကျမှုတို့ကြောင့် ယွမ် သန်း ၉၀ဝ ( ဒေါ်လာ သန်း ၁၃၀ ) ကိုပေးဆောင်ရမည်ဖြစ်သော်လည်း အချိန်မီပေးဆောင်နိုင်ပါက ရာဇဝတ်မှုများဖြင့် တရားစွဲဆိုအပြစ်ပေးခံရမည်မဟုတ်ကြောင်း ဆင်ဟွာသတင်းဌာနက ဖော်ပြခဲ့သည်။
ဆင်ဟွာသတင်းဌာနက ဖန် မည်သည့်နေရာတွင် ရှိသည်ကို ဖော်ပြခြင်းမပြုခဲ့သော်လည်း ဖန်၏ကိုယ်စားလှယ်ကို စုံစမ်းစစ်ဆေးရန်အတွက် ရဲတပ်ဖွဲ့ဝင်များက ထိန်းသိမ်းထားကြောင်း ဖော်ပြခဲ့သည်။ ဖန်သည် တရုတ်နိုင်ငံရှိ ရုပ်သံဇာတ်လမ်းတွဲများတွင် ပါဝင်သရုပ်ဆောင်ခဲ့ပြီး X-Men နှင့် Iron Man 3 တို့တွင်လည်း ပါဝင်သရုပ်ဆောင်ခဲ့သည်။ လူမြင်ကွင်းမှမပျောက်ကွယ်မီတွင် ဖန်သည် ဟောလီဝုဒ်ရုပ်ရှင် 355 တွင် ပဲနလိုပီ ခရုဇ်နှင့် လက်တွဲသရုပ်ဆောင်ရန် စီစဉ်ထားသည်။ ထို့ပြင် ဘရုစ်ဝီလီစ်နှင့် အေဒရီယံ ဘရော့ဒီတို့ပါဝင်သော မကြာမီတွင် ပြသမည့် Air Strike ရုပ်ရှင်တွင်လည်း ပါဝင်သရုပ်ဆောင်ထားသည်။
အခွန်အာဏာပိ်ုင်များ၏ဆုံးဖြတ်ချက်ကို လက်ခံပြီး အခက်အခဲများကိုကျော်လွန်အောင် အကောင်းဆုံးကြိုးပမ်းမည်ဖြစ်ကာ အခွန်များနှင့် ဒဏ်ငွေများကိုပေးဆပ်နိုင်ရေးအတွက် ရန်ပုံငွေထူထောင်သွားမည်ဖြစ်ကြောင်း ဖန်က တရုတ်ရှိ လူမှုမီဒီယာ ဆိုင်နာဝေပိုတွင် ရေးသားခဲ့သည်။
ကျွန်မဟာ လူ့အဖွဲ့အစည်းရဲ့ ယုံကြည်မှုနဲ့မထိုက်တန်ပါဘူး၊ ချစ်ခင်အားပေးတဲ့ ပရိသတ်များရဲ့ မျှော်မှန်းချက်ကို ရိုက်ချိုးမိခဲ့ပါတယ် ဟု ဖန်က ရေးသားခဲ့သည်။ တရုတ်အစိုးရသည် သရုပ်ဆောင်ကြေးများစွာရရှိသော သရုပ်ဆောင်များကို စုံစမ်းစစ်ဆေးနေပြီဖြစ်သည်။ တရုတ်သရုပ်ဆောင်အများစုသည် စာချုပ်နှစ်ခုဖြင့် အလုပ်လုပ်နေခြင်းဖြစ်ပြီး စာချုပ်တစ်ခုတွင် တကယ်ရရှိမည့် ငွေပမာဏကိုရေးသားဖော်ပြကာ ဒုတိယစာချုပ်တွင် ငွေပမာဏကို လျှော့ပေါ့ဖော်ပြထားသည်။ အဆိုပါသရုပ်ဆောင်များသည် သရုပ်ဆောင်ကြေး လျှော့ပေါ့ဖော်ပြထားသည့် စာချုပ်ကိုသာ အာဏာပိုင်များထံသို့ တင်ပြခဲ့သည်။
ဖန်သည် Air Strike အတွက် ယွမ် သန်း ၂၀ တန်ဖိုးရှိ စာချုပ်ချုပ်ဆိုခဲ့သော်လည်း အာဏာပိုင်များထံသို့ ယွမ် ၁၀ သန်းတန်ဖိုးရှိ စာချုပ်ကိုသာ တင်ပြခဲ့သောကြောင့် အခွန် ယွမ် ၇ ဒသမ ၃ သန်းကို ရှောင်ခဲ့ခြင်းဖြစ်သည်။

















