အနောက်ဘက်ကမ်းရှိ ကျေးရွာဖြိုဖျက်မခံရရေး အကူအညီပေးရန် ဂျာမနီဝန်ကြီးချုပ်အား ပါလက်စတိုင်းကလေးငယ်များတောင်းဆို

အနောက်ဘက်ကမ်းရှိ ကျေးရွာဖြိုဖျက်မခံရရေး အကူအညီပေးရန် ဂျာမနီဝန်ကြီးချုပ်အား ပါလက်စတိုင်းကလေးငယ်များတောင်းဆို

ကျေးရွာဖျက်ဆီးဖြိုဖျက်မခံရရေးအတွက် ဂျာမနီဝန်ကြီးချုပ် အန်ဂျလာမာကယ်က ကြားဝင်ကူညီပေးပါရန် အနောက်ဘက်ကမ်းခြေရှိ ပါလက်စတိုင်းသားကျောင်းနေအရွယ်ကလေးငယ်များက အောက်တိုဘာ ၂ ရက်တွင် တောင်းဆိုလိုက်ပြီဖြစ်သည်။

ဂျေရုဆလင်နား ခန်း အယ်လ်-အာမာရှိ ယာယီတဲငယ်များကို အစ္စရေးက ဖြိုဖျက်ရန် ပြင်ဆင်နေခဲ့ရာ ယင်းကို တားဆီးပေးပါရန် ကျောင်းသားများက မာကယ်၏ဓာတ်ပုံများပါရှိသည့် ပိုစတာများကို ကိုင်ကာ တောင်းဆိုခဲ့ကြသည်။ မာကယ်နှင့် ဝန်ကြီးအဖွဲ့ဝင်တချို့သည် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုနှင့် တွေ့ဆုံရန် အောက်တိုဘာ ၃ ရက်တွင် အစ္စရေးသို့ရောက်ရှိခဲ့သည်။
    ကျေးရွာကို တရားမဝင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ကျေးရွာသားများအား လက်ရှိနေရာမှ မိုင်အနည်းငယ်အကွာတွင် ပြန်လည်နေရာချထားပေးမည်ဖြစ်ကြောင်း အစ္စရေးကပြောဆိုခဲ့သည်။ သို့သော် အစ္စရေးက အိမ်ရာများ တိုးချဲ့ဆောက်လုပ်ရန်အတွက် ပါလက်စတိုင်းသားများ၏ကျေးရွာများကို ဖျက်ဆီးရန် စီစဉ်နေခြင်းဖြစ်ကြောင်း ပါလက်စတိုင်းသားများကပြောဆိုခဲ့သည်။ ကျေးရွာသားများက ၎င်းတို့ကျေးရွာကို ဖျက်ဆီးခြင်းမပြုရန် နောက်ဆုံးအယူခံဝင်ခြင်းကိုလည်း အစ္စရေးတရားလွှတ်တော်ချုပ်က မကြာသေးမီတွင် ပယ်ချခဲ့ပြီးဖြစ်သည်။
    နိုင်ငံတကာဆန့်ကျင်ကန့်ကွက်မှုများရှိခဲ့သော်လည်း အစ္စရေးသည် အနောက်ဘက်ကမ်းခြေဒေသ၌ အိမ်ရာများကို တိုးချဲ့ဆောက်လုပ်ခဲ့သည်။ နိုင်ငံတကာအသိုက်အဝိ်ုင်းက အစ္စရေး၏အိမ်ရာများ တိုးချဲ့ဆောက်လုပ်မှုသည် တရားမဝင်ကြောင်း ပြောဆိုခဲ့ပြီး ကုလသမဂ္ဂကလည်း အစ္စရေး၏လုပ်ရပ်သည် စတုတ္တမြောက် ဂျနီဗာကွန်ဗင်းရှင်းကို ချိုးဖောက်နေကြောင်း အကြိမ်ကြိမ်ပြောဆိုခဲ့သည်။