၅၅ နှစ်တာအတွင်း ပထမဆုံးအကြိမ်အဖြစ် အမျိုးသမီးတစ်ဦး ရူပဗေဒနိုဘယ်လ်ဆုရရှိ

၅၅ နှစ်တာအတွင်း ပထမဆုံးအကြိမ်အဖြစ် အမျိုးသမီးတစ်ဦး ရူပဗေဒနိုဘယ်လ်ဆုရရှိ

နှစ်ပေါင်း ၅၅ နှစ်တာကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် အမျိုးသမီးရူပဗေဒပညာရှင်တစ်ဦး ရူပဗေဒဆိုင်ရာ နိုဘယ်လ်ဆုဆွတ်ခူးခဲ့ပြီဖြစ်သည်။

ကနေဒါနိုင်ငံ ဝါတာလူးတက္ကသိုလ်မှ ရူပဗေဒပညာရှင် ဒွန်နာ စထရစ်လန့်သည် အမေရိကန်ပြည်ထောင်စုမှ အာသာ အက်ရှ်ကင်၊ ပြင်သစ်မှ ဂျရတ် မိုရိုတို့နှင့်အတူ ယခုနှစ် ရူပဗေဒနိုဘယ်ဆုကိုပူးတွဲရရှိခဲ့ခြင်းဖြစ်သည်။ လေဆာရူပဗေဒနှင့်ပတ်သက်၍ ပညာရှင်သုံးဦး၏တွေ့ရှိမှုများကို အသိအမှတ်ပြုလိုက်ခြင်းဖြစ်သည်။
    ဒေါက်တာမိုရိုနှင့် စထရစ်လန့်တို့သည် အတိုဆုံးနှင့် အပြင်းထန်ဆုံး လေဆာကြိမ်နှုန်းကို ဖန်တီးနိုင်ရေးလမ်းခင်းပေးခဲ့သူများဖြစ်သည်။ ၎င်းတို့နှစ်ဦးသည် စီပီအေခေါ်လေဆာအသုံးပြုမှုစနစ်တစ်ခုကို ဖန်တီးခဲ့သည်။ ကင်ဆာကုသခြင်းနှင့် မျက်လုံးခွဲစိတ်ခြင်းတို့တွင် ယင်းနည်းစနစ်ကိုအသုံးပြုနိုင်ခဲ့သည်။ 
    အမျိုးသမီးတစ်ဦး ရူပဗေဒနိုဘယ်လ်ဆုမရသည်မှာ ကြာခဲ့ပြီဖြစ်သောကြောင့် မယုံနိုင်စရာဖြစ်ခဲ့ကြောင်း စထရစ်လန့်ကပြောဆိုခဲ့သည်။ သို့သော် စထရစ်လန့်က ၎င်းသည် ခွဲခြားဆက်ဆံခြင်းမခံခဲ့ရဘဲ ၎င်းနှင့်အတူဆုရရှိခဲ့သည့် အမျိုးသားနှစ်ဦးသည်လည်း ဆုနှင့် ထိုက်တန်သူများဖြစ်ကြောင်း ပြောဆိုခဲ့သည်။
    ပညာရှင်သုံးဦးသည် ဆုငွေအဖြစ် ဆွီဒင်ခရိုနာ ကိုးသန်း(  ၉၉၈၆၁၈ ဒေါ်လာ) ကိုရရှိမည်ဖြစ်သည်။ အာသာ အက်ရှ်ကင်သည် အလင်းဓာတ်ရောင်ခြည်ဖိအားကိုသုံးပြီး ရုပ်ဝတ္ထုပစ္စည်းများကိုရွှေ့နိုင်အောင် စွမ်းဆောင်နိုင်ခဲ့သည်။ ယင်းနည်းဖြင့် အက်ရှ်ကင်သည် ယနေ့ခေတ်တွင် အဏုမြူများ၊ ဗိုင်းရပ်စ်များနှင့် သက်ရှိကလာပ်စည်းများကို ရွှေ့နိုင်သည့် အလင်းညှပ်ကို ဖန်တီးနိုင်ခဲ့သည်။ ၁၉၈၇ ခုနှစ်တွင် အက်ရှ်ကင်သည် အလင်းညှပ်ဖြင့် သက်ရှိဘက်တီးရီးယားပိုးများကို မထိခိုက်မသေဆုံးစေဘဲ ဖမ်းယူပြခဲ့သည်။
    ပိုလန်တွင်မွေးဖွားသည့် ရူပဗေဒပညာရှင် မဒမ်ကျူရီသည် ခင်ပွန်းဖြစ်သူ ပီရီကျူရီ၊ အန်တွိုင်း အွန်နရီ ဘက်ကာရယ်တို့နှင့်အတူ ဓာတ်ရောင်ခြည်ဆိုင်ရာသုတေသနဖြင့် ၁၉၀၃ ခုနှစ်တွင် ရူပဗေဒဆိုင်ရာနိုဘယ်ဆုရရှိခဲ့သည်။ ဂျာမနီမွေး အမေရိကန်ရူပဗေဒပညာရှင် မာရီယာ ဂိုပါ မေယာသည် အဏုမြူ၏ဗဟိုချက်နှင့်ပတ်သက်၍ တွေ့ရှိမှုများအတွက် ၁၉၆၃ ခုနှစ်တွင် ရူပဗေဒဆိုင်ရာနိုဘယ်လ်ဆု ရရှိခဲ့သည်။