အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် မိဘများ အခွန်ရှောင်နိုင်အောင် ယခင်က ကူညီခဲ့ဖူးကြောင်း နယူးယောက်တိုင်းမ် သတင်းစာက ဖွင့်ချခဲ့မှုနှင့် စပ်လျဉ်းပြီး စုံစမ်းစစ်ဆေးလျက်ရှိကြောင်း နယူးယောက် အခွန်ဌာနက ထုတ်ပြန်ကြေညာထားသည်။
သမ္မတ ထရမ့်သည် ၁၉၉၀ ကာလများက ၎င်း၏ လူချမ်းသာ မိဘနှစ်ပါး အခွန်ရှောင်နိုင်ရန်အတွက် အကွက်ကျကျ ပူးပေါင်းကူညီခဲ့ဖူးကြောင်း နယူးယောက်တိုင်းမ်က စွပ်စွဲဖော်ပြထားခြင်း ဖြစ်သည်။ အလွဲအမှား စွပ်စွဲတိုက်ခိုက်သည့် ဇာတ်လမ်းသာဖြစ်သည်ဟု အိမ်ဖြူတော် ပြောရေးဆိုခွင့်ရ အမျိုးသမီး ဆာရာ ဆန်ဒါက တုံ့ပြန်ပြောကြားထားသည်။ ငွေကြေးလွှဲပြောင်းမှု အဆင့်တိုင်းတွင် ထိုစဉ်က ပြည်တွင်းအခွန်များဦးစီးဌာန၏ ခွင့်ပြုလက်မှတ်များ ပါရှိကြောင်းဖြင့် မစ္စ ဆန်ဒါက ထောက်ပြပြောကြားခဲ့သည်။
မစ္စတာ ထရမ့်နှင့် မွေးချင်းများသည် ကော်ပိုရေးရှင်း အတုအယောင် ထူထောင်ကာ မိဘများ၏ ငွေများကို လွှဲယူပြီး အခွန်သက်သာအောင် ဖန်တီးခဲ့ကြကြောင်း နယူးယောက်တိုင်းမ်က ငွေကြေးလွှဲပြောင်းမှု စာရွက်စာတမ်းပေါင်း တစ်သိန်းကျော်ကို အခြေခံလျက် ရေးသားထားသည်။ ထို့ပြင် မစ္စတာ ထရမ့်သည် ၎င်းတို့ မိသားစုပိုင်ဆိုင်သော အိမ်ခြံမြေများကို တန်ဖိုးကျဆင်းအောင် မဟာဗျူဟာကျကျ ဖန်တီးကာ ဒေါ်လာ သန်းပေါင်းများစွာ အခွန်ဆောင်ရ သက်သာအောင် ဖန်တီးခဲ့ကြောင်းလည်း နယူးယောက်တိုင်းမ်က ရေးသားထားသည်။
သမ္မတ ထရမ့်အနေဖြင့် တုံ့ပြန်ခြင်း မရှိသေးသော်လည်း ရှေ့နေဖြစ်သူ ချားလ် ဟာဒါကမူ ထရမ့် မိသားစုအနေဖြင့် အခွန်ရှောင်ခြင်း၊ အလွဲသုံးစားခြင်းမျိုး မရှိကြောင်း၊ နယူးယောက်တိုင်းမ်သည် လွဲမှားသော အချက်အလက်များအပေါ် အခြေခံကာ သတင်းရေးသားခဲ့ခြင်းသာဖြစ်ကြောင်း တုံ့ပြန်ခဲ့သည်။

















