ထရမ့်က သူရွေးထားသည့် စွပ်စွဲခံတရားသူကြီးလောင်းဘက်မှ ရပ်တည်

ထရမ့်က သူရွေးထားသည့် စွပ်စွဲခံတရားသူကြီးလောင်းဘက်မှ ရပ်တည်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ယခုအခါ အမေရိကန်ပြည်ထောင်စုတွင် အမျိုးသားလူရွယ်များ အခက်အခဲရင်ဆိုင်နေရသည့် ကြောက်မက်ဖွယ်အချိန်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

၄င်းရွေးချယ်ထားသည့် တရားရုံးချုပ် တရားသူကြီးလောင်း ဘရက်ကာဗာနော့သည် အမျိုးသမီးအချို့အပေါ်လိင်မှုစော်ကားခဲ့ကြောင်း စွပ်စွဲခံခဲ့ရပြီး တုံ့ပြန်ချေပနေချိန်တွင် ကာဗာနော့ဘက်မှရပ်တည်ကြောင်း အကြိမ်ကြိမ်ပြသခဲ့သည့် ထရမ့်၏ ပြောဆိုဝေဖန်မှု ထွက်ပေါ်လာခြင်းဖြစ်သည်။
    အပြစ်ရှိကြောင်း သက်သေမပြနိုင်မချင်း အပြစ်ကင်းသည်ဟု ကြားဖူးခဲ့သော်လည်း ယခုအခါ အပြစ်ကင်းကြောင်း သက်သေမပြနိုင်မချင်း အပြစ်ရှိသကဲ့သို့ဖြစ်နေကြောင်း၊ ယင်းသည် အလွန်ခက်ခဲသည့်စံချိန်စံညွန်းဖြစ်ကြောင်း၊ အမေရိကန်ရှိ ငယ်ရွယ်သည့်အမျိုးသားများအတွက် အလွန်ကြောက်မက်ဖွယ်အချိန်ဖြစ်ကြောင်း ထရမ့်က အိမ်ဖြူတော်၌ ပြောဆိုခဲ့ခြင်းဖြစ်သည်။
    ကာဗာနော့အပေါ် စွပ်စွဲမှုများကို အက်ဖ်ဘီအိုင်က စုံစမ်းစစ်ဆေးနေပြီး ကာဗာနော့အားခန့်အပ်ရေး မဲခွဲရန်ရွှေ့ဆိုင်းထားခဲ့ရသည့် ဆီးနိတ်လွှတ်တော်က ခန့်အပ်မှုအတည်ပြုပေးရန် မျှော်လင့်ကြောင်းလည်း ထရမ့်က ပြောဆိုခဲ့သည်။
    အက်ဖ်ဘီအိုင်၏စုံစမ်းစစ်ဆေးမှုကို တစ်စုံတစ်ရာ မနှောင့်ယှက်လိုကြောင်းလည်း ပြောဆိုခဲ့သည့်ထရမ့်သည် ယင်းနောက် မစ္စစပီပြည်နယ်တွင်ပြုလုပ်သည့် လူထုစည်းဝေးပွဲတွင် လွန်ခဲ့သည့်အပတ်က ဆီးနိတ်တရားရေးကော်မတီ ရှေ့မှောက်၌ထွက်ဆိုချက်ပေးခဲ့သည့် ကာဗာနော့အားစွပ်စွဲသူတစ်ဦးဖြစ်သည့် ပါမောက္ခခရစ္စတင်း ဘလာဆေဖို့ဒ်အပေါ် အမည်မဖော်ဘဲ ရည်ညွန်းလှောင်ပြောင်ခဲ့သည်။
    အက်ဖ်ဘီအိုင်ကလွတ်လပ်စွာစုံစမ်းစစ်ဆေးနိုင်ကြောင်း ထရမ့်ကပြောဆိုခဲ့သော်လည်း ကာဗာနော့ လူငယ်ဘဝက လိင်မှုစော်ကားမှုများကျူးလွန်မှုစွဲချက်များနှင့် ပတ်သက်၍ သတင်းပေးရန် အက်ဖ်ဘီအိုင်နှင့်တွေ့ဆုံရန် ကြိုးပမ်းခဲ့သူများစွာတို့က ၄င်းတို့ကြိုးပမ်းမှုအလဟဿ ဖြစ်ခဲ့ရကြောင်း ပြောဆိုကြသည်ဟုလည်း သတင်းများ ထွက်ပေါ်ခဲ့သည်။