ကုလသမဂ္ဂဝန်ထမ်းများနှင့် နိုင်ငံတကာ သံဝန်ထမ်းများ၏ အတူနေလိင်တူလက်တွဲဖော်များကို ဗီဇာထုတ်ပေးခြင်းအမေရိကန် ရပ်ဆိုင်းမည်

ကုလသမဂ္ဂဝန်ထမ်းများနှင့် နိုင်ငံတကာ သံဝန်ထမ်းများ၏ အတူနေလိင်တူလက်တွဲဖော်များကို ဗီဇာထုတ်ပေးခြင်းအမေရိကန် ရပ်ဆိုင်းမည်

ပြည်ပသံတမန်များ၊ ကုလသမဂ္ဂ ဝန်ထမ်းများ၏ အတူနေလိင်တူလက်တွဲဖော်များကို ဗီဇာထုတ်ပေးခြင်းရပ်ဆိုင်းတော့မည်ဖြစ်ကြောင်း အမေရိကန်အစိုးရက ထုတ်ပြန်ကြေညာလိုက်သည်။

စည်းကမ်းချက်သည် အောက်တိုဘာ ၁ ရက်က စတင်သက်ရောက်ခဲ့ပြီး လက်ရှိအမေရိကန်နိုင်ငံတွင်းရောက်ရှိနေသည့် သံတမန်များအနေဖြင့် စည်းကမ်းချက်နှင့် ငြိစွန်းနေပါက ဒီဇင်ဘာ ၃၁ ရက်ထိ ပြင်ဆင်ချိန်ရမည်ဖြစ်သည်။ ထိုကာလအတွင်းတရားဝင် လက်ထပ်စာချုပ် တင်ပြပြီး ဗီဇာလျှောက်ထားနိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။ ထိုသို့ မဟုတ်ပါက အိမ်ထောင်ဖက်အဖြစ် ဗီဇာရယူခြင်းမပြုဘဲတစ်ကိုယ်ရေသီးသန့်ဗီဇာ ပြန်လည်လျှောက်ထားနိုင်ကြောင်းလည်း သိရသည်။ 
    သို့သော် အတူနေလိင်တူစုံတွဲများ၏ မိခင်နိုင်ငံများတွင် တရားဝင် လိင်တူလက်ထပ်ခွင့်မပြုသဖြင့် လက်ထပ်စာချုပ်မပြနိုင်သူများဗီဇာလျှောက်ခွင့်မရနိုင်ဘဲတကွဲတပြား ဖြစ်ရနိုင်ကြောင်း ဝေဖန်မှုများထွက်ပေါ်လျက်ရှိသည်။ လက်ရှိတွင် ကမ္ဘာ့ ၂၅ နိုင်ငံ ကသာ လိင်တူလက်ထပ်ခြင်းကို တရားဝင်ခွင့်ပြုပေးထားပြီး၊ ၇၁  နိုင်ငံက ခွင့်ပြုပေးမထားကြောင်း သိရသည်။ 
    ထရမ့် အစိုးရမူဝါဒသစ်ကို ကုလသမဂ္ဂရုံးချုပ်တွင်လည်း ဖြန့်ဝေခဲ့သည်။ အမေရိကန်နိုင်ငံတွင်းတာဝန်ထမ်းဆောင်မည့် ကုလသမဂ္ဂ ဝန်ထမ်းများနှင့် အတူနေမည့် လိင်တူလက်တွဲဖော်များသည် ဂျီ-၄  ဗီဇာရရှိရန် တရားဝင်လက်ထပ်စာချုပ် တင်ပြရမည်ဟု မူဝါဒသစ်ကသတ်မှတ်ထားသည်။ ဂျီ-၄  ဗီဇာသည် အမေရိကန်နိုင်ငံတွင်းလာရောက်လုပ်ကိုင်သည့် နိုင်ငံတကာအဖွဲ့အစည်းဝန်ထမ်းများကို ထုတ်ပေးသောဗီဇာဖြစ်ကာ မိသားစုဝင်များကို ခေါ်ယူခွင့်ရှိသည်။ 
    ဒီဇင်ဘာ ၃၁ ရက်ကျော်သည်အထိ တရားဝင်လက်ထပ်ထားသည့် အထောက်အထားမတင်ပြနိုင်သည့် နိုင်ငံတကာသံတမန်နှင့် ကုလသမဂ္ဂဝန်ထမ်းများ၏ လိင်တူလက်တွဲဖော်များကိုရက် ၃၀ အတွင်း နိုင်ငံမှ နှင်ထုတ်မည်ဟု ကြေညာထားသည်။