ကျော်ဇင်ထက်နှင့်မင်းကျော်ခန့်ကို စည်း/ထိန်း ၁၂ပွဲပယ်နှင့်ဒဏ်ကြေးချမှတ်

ကျော်ဇင်ထက်နှင့်မင်းကျော်ခန့်ကို စည်း/ထိန်း ၁၂ပွဲပယ်နှင့်ဒဏ်ကြေးချမှတ်

ဗိုလ်ချုပ်အောင်ဆန်းဒိုင်းဗိုလ်လုပွဲတွင် ကွင်းလယ်ဒိုင်၏ဆုံးဖြတ်ချက်ကို မကျေနပ်၍ ရန်ပြုရန်ကြိုးစားခဲ့သည့် ရန်ကုန်ယူနိုက်တက်ဂိုးသမား ကျော်ဇင်ထက်နှင့် နောက်ခံလူမင်းကျော်ခန့်တို့ကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေးက ပြစ်ဒဏ်များချမှတ်ခဲ့သည်။

ရိုင်းပြစွာဆဲဆို

အဆိုပါပြိုင်ပွဲ ပွဲချိန် (၆၄) မိနစ်တွင် ရန်ကုန်အသင်းဂိုးဧရိယာထဲ၌ မင်းကျော်ခန့်ဥပဒေပဖျက်ထုတ်ခဲ့၍ ပင်နယ်တီပေးခဲ့သော ကွင်းလယ်ဒိုင်ကို   မင်းကျော်ခန့်မှ ရိုင်းပျစွာဆဲဆိုခြင်း၊ ရင်ဘတ်အား (၃)ကြိမ်ခန့် ပြင်းထန်စွာ ဆောင့်တွန်းခြင်းများပြုမူခဲ့သလို တိုက်ရိုက်အနီကတ်ပြသခြင်းကို မကျေနပ်၍ ၎င်းမှ ထပ်မံရန်မူရန် အကြိမ်ကြိမ်ကြိုးစားခဲ့သည်။ ထို့ပြင် ရန်ကုန်အသင်းဂိုးသမား ကျော်ဇင်ထက်သည်လည်း ပင်နယ်တီဖြစ်စဉ်အား မကျေနပ်၍ ရိုင်းပျစွာ အကြိမ်ကြိမ်ဆဲဆိုပြီး ကွင်းလယ်ဒိုင်အား ဆောင့်တွန်းခဲ့ရာ ဒိုင်မှ နှစ်ဝါ တစ်နီဖြင့် ထုတ်ပယ်ခဲ့သည်။

ထို့နောက် ဆုံးဖြတ်ချက်ကို မကျေနပ်၍  ကျော်ဇင်ထက်သည် ဒိုင်လူကြီးအား ဆဲဆိုခြင်း၊ ရန်မူခြင်းများကို အကျည်းတန်စွာ အကြိမ်ကြိမ် ပြုလုပ်ခဲ့သလို ပွဲပြီးဆုံးချိန်တွင်လည်း ကွင်းအတွင်းသို့ ဝင်ရောက်ကာ ဒိုင်လူကြီးများအား ကြမ်းတမ်းစွာဆဲဆိုခြင်း၊ ဟန်ပန်အမူအရာဖြင့် ပြုမူစော်ကားခြင်းများ ထပ်မံပြုလုပ်ခဲ့သည်။ 

ပြစ်ဒဏ်ချ

ထို့ကြောင့် စည်း/ထိန်းမှ ကျော်ဇင်ထက်နှင့် မင်းကျော်ခန့်တို့ကို လာမည့်ရာသီတွင် အနီးစပ်ဆုံး (၁၂) ပွဲပယ်စီ ပြစ်ဒဏ်ချမှတ်ခဲ့သလို ကျော်ဇင်ထက်အား ဒဏ်ကြေးငွေကျပ် ၁၀ သိန်း၊ မင်းကျော်ခန့်အား ကျပ် ၈ သိန်းပေးဆောင်ရန် ပြစ်ဒဏ်ချခဲ့သည်။ အဆိုပါပွဲပယ်ပြစ်ဒဏ်မှာ  နေရှင်နယ်လိဂ်သမိုင်းတစ်လျှောက် အပြင်းထန်းဆုံးဖြစ်ခဲ့သည်။

ထို့ပြင် ပွဲကစားချိန်အတွင် ရန်ကုန်ပရိသတ်များမှ ကွင်းအတွင်းသို့ ရေသန့်ဗူးများဖြင့် ပစ်ပေါက်ခဲ့သဖြင့် ရန်ကုန်အသင်းကို ဒဏ်ကြေး ကျပ် ၁၅ သိန်း ပေးဆောင်ရန် ပြစ်ဒဏ်ချခဲ့သည်။ အလားတူ ဟံသာဝတီအသင်း ပရိသတ်များမှလည်း ရေသန့်ဗူးအနည်းငယ်ပစ်ပေါက်ခဲ့သဖြင့် ဟံသာဝတီအသင်းမှ ဒဏ်ကြေးကျပ် ၁ဝသိန်းပေးဆာင်ရမည်ဖြစ်သည်။ 

တက်ရောက်ကြည့်ရူ

ယင်းဗိုလ်လုပွဲသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီးဆန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်း၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းနှင့် ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် ကလပ်အသင်းပိုင်ရှင်များ တက်ရောက်ကြည့်ရှု ခဲ့ကြသည်။

 



ဖတ်ရှုမှုအများဆုံး