တရားမဝင်ငွေလွှဲလုပ်ငန်းမှရရှိသည့် ငွေများကို ဖုံးကွယ်အသွင်ပြောင်းခဲ့သည်ဆိုသူနှစ်ဦးကို ဗဟန်းရဲစခန်း၌ အမှုဖွင့်

တရားမဝင်ငွေလွှဲလုပ်ငန်းမှရရှိသည့် ငွေများကို ဖုံးကွယ်အသွင်ပြောင်းခဲ့သည်ဆိုသူနှစ်ဦးကို ဗဟန်းရဲစခန်း၌ အမှုဖွင့်

ဗဟန်းမြို့နယ်တွင် တရားမဝင်ငွေလွှဲလုပ်ငန်းမှရရှိသည့် ငွေများကို ဖုံးကွယ်အသွင်ပြောင်းခဲ့ သည်ဆိုသူ နှစ်ဦးကို အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန(စစစ)က အောက်တိုဘာ ၃ ရက်တွင် ငွေကြေးနှင့် ပစ္စည်းများထိန်းချုပ်ရေးဥပဒေဖြင့် အမှုဖွင့်ခဲ့ကြောင်း သိရသည်။

ဗဟန်းမြို့နယ်၊ ဗိုလ်ချို (၂) ရပ်ကွက်နေ ဒေါ်စဖီယာဘီ(ခ)မိငယ် (၅၉ နှစ်)နှင့် ၎င်း၏သား ကိုကိုနိုင်(ခ)ဟာဆန် တို့ ၂ ဦးအား ၂၀၁၄ ခုနှစ်တွင် ထိုင်းနိုင်ငံ၌ ဖမ်းဆီးရမိခဲ့သည့် မူးယစ်မှုနှင့် ဆက်စပ်ကာ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန(စစစ)က နောက်ကြောင်းရာဇဝင် စစ်ဆေးနေခဲ့ပြီး  ၂၀၁၄ ခုနှစ် မတ် ၁၄ ရက် မတိုင်မီက ၄င်းတို့ နှစ်ဦးနှင့် ဒေါ်အိအိချို၊ ဒေါ်သီတာချို၊ ဇင်သူအောင်၊နီလာအောင်၊ မင်းကိုနိုင်အမည်တို့ဖြင့် ရန်ကုန်၊ မြဝတီ၊ မော်လမြိုင်မြို့ များတွင် ဥယျာဉ်ခြံမြေ ဝ.ဝ၇၃ ဧက၊ လယ် ၅ ဧက၊ တိုက်ခန်း ၃ ခန်း၊ တိုက်/ ပျဉ်ထောင်အိမ် ၇ လုံး၊ ဆိုင်ခန်း ၅ ခန်း၊ မြေ ၇ ကွက်၊ မော်တော်ယာဉ် ၇ စီးတို့ ဝယ်ယူပိုင်ဆိုင်ခဲ့ပြီး ကမ္ဘောဇ၊ ဧရာဝတီ၊ကမ္ဘာရတနာ၊ရိုးမ၊မြန်မာအရှေ့တိုင်း၊ မြန်မာ့ရှေ့ဆောင်ဘဏ် ၇ ခုမှ ငွေစာရင်း ၄၈ ခု အတွင်းရှိ ဘဏ်လက်ကျန်ငွေ ၃၆၄,၉၉၉,၇၇၅ ကျပ်တို့ သိမ်းဆည်းထားကြောင်း အောက်တိုဘာ ၃ ရက် နံနက် ၁၀ နာရီခွဲအချိန်ခန့်တွင်အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (စစစ)က စစ်ဆေးတွေ့ရှိခဲ့သည်။

အဆိုပါငွေများမှာ ဗဟိုဘဏ်မှထုတ်ပေးထားသည့်လုပ်ငန်းလိုင်စင်မရှိဘဲ တရားမဝင်ငွေလွှဲလုပ်ငန်းမှ တစ်ဆင့်ရရှိခဲ့ခြင်းဖြစ်ပြီး ၁၉၉၀ ခုနှစ် မြန်မာနိုင်ငံတော်ငွေရေးကြေးရေး အဖွဲ့အ စည်း များ ဥပဒေပါပြစ်မှုများကိုကျူးလွန်ပြီးနောက် ယင်းငွေနှင့်ပစ္စည်းများကို အရေးမယူနိုင်စေရန် ဖုံးကွယ်ဖျောက်ဖျက်ခြင်း၊ တရားဝင်ဖြစ်အောင် အသွင်ပြောင်းခြင်းတို့ကို ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ပေါ်ပေါက်ခဲ့သည်။

ထို့ကြောင့် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (စစစ)လက်ထောက်ညွှန်ကြားရေးမှူး ဦးနေလင်းက တရားလိုပြုလုပ်ကာ ဒေါ်စဖီယာဘီ (ခ)မိငယ်နှင့် ကိုကိုနိုင်(ခ)ဟာဆန် တို့ကိုအရေးယူပေးရန် တိုင်ကြား ခဲ့သည်။

ဗဟန်းမြို့မရဲစခန်း(ပ) ၄၂၈/၁၈၊ (ပ)၄၂၉/၁၈၊ ငွေကြေးနှင့် ပစ္စည်းများ ထိန်းချုပ်ရေး ဥပဒေပုဒ်မ ၂၃-၄၃ ဖြင့် အမှုဖွင့်ကာ ဆက်လက်စစ်ဆေးလျက်ရှိကြောင်း သိရသည်။