နိုင်ငံတွင်းမှာ ရဲရဲတင်းတင်းကျူးလွန်လာတဲ့ မှုခင်းဖြစ်စဉ်တချို့ကြောင့် ပြည်သူ့ဘဝလုံခြုံမှုအတွက် မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။
အခြေခံလူတန်းစားအများစုနေထိုင်တဲ့ လှိုင်သာယာမြို့နယ်မှာ လုယက်မှုတွေ မကြာခဏရှိနေတယ်လို့ လှိုင်သာယာမြို့နယ်၊ ကျန်စစ်သားရပ်ကွက်မှာ နေထိုင်တဲ့ ကိုဇော်မင်းဌေးက ပြောပါတယ်။
"ဆိုင်ကယ်နဲ့ဆွဲကြိုးဖြတ်ပြေးတာ၊ ပိုက်ဆံအိတ်လုယူထွက်ပြေးတာတွေရှိနေတယ်။ လမ်းလျှောက်ရင်း ဖုန်းပြောလို့ကတော့ ဆိုင်ကယ်ပေါ်ကနေ ဆွဲယူထွက်ပြေးတဲ့ အဆင့်ထိ ရဲတင်းလာတယ်" လို့ သူကပြောပါတယ်။ ညပိုင်းဆိုရင် ရဲတပ်ဖွဲ့ဝင်တွေက စက်ဘီးလှည့်ကင်း၊ မီးတန်းယာဉ်နဲ့လှည့်ကင်းဆောင်ရွက်တာတွေ၊ ယာဉ်စစ်ဆေးရေး အဖွဲ့တွေကို တွေ့နေရတဲ့ကြားက မှုခင်းတွေ ဖြစ်ပွားနေတာလို့ ကိုဇော်မင်းဌေးကပြောသည်။
လှိုင်သာယာမြို့နယ်မှာ လူဦးရေများပြားပြီး ရွှေ့ပြောင်းနေထိုင်သူများတဲ့အပြင် လူနေမှုစရိုက်စုံလင်တာကြောင့် လုယက်မှု၊ လူသတ်မှု၊ ခိုးမှုအပါဝင် အခြားအမှုအခင်း အများအပြား မကြာခဏ ဖြစ်ပွားနေတာလို့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မ·းကြီးအောင်စိုးမိုးက စက်တင်ဘာ ၂၄ ရက်က ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ ပြောကြားခဲ့ပါတယ်။ လွန်ခဲ့တဲ့ ရက်သတ္တပတ်ကလည်း လှိုင်သာယာမြို့နယ်မှာ အမျိုးသားတစ်ဦးသေနတ်နဲ့ အပစ်ခံရလို့ သေဆုံးခဲ့ပါတယ်။
"လက်နက်ခဲယမ်းတွေ အလွယ်တကူဝင်လာတာ တိုးဂိတ်တွေမှာ စိစစ်မှုအားနည်းလို့ ရောက်လာတယ်လို့ ပဲပြောပါရစေ။ တောလမ်း၊ နယ်စပ်လမ်းတွေက ဝင်တယ်ပဲထားဦး အဆင့်ဆင့်သယ်ရတာပဲ။ နယ်စပ်ကနေ အဆင့်ဆင့်ဖြတ်ပြီး သယ်ဆောင်တဲ့ သူတွေကိုလည်း လုံခြုံရေးအရ စစ်ဆေးဖို့လိုတယ်"လို့ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်နေ အငြိမ်းစားကျောင်းဆရာ ဦးသိန်းဇော်က သုံးသပ်ပါတယ်။
တစ်ခါတစ်ရံ အရပ်သားကိုသာမက လုံခြုံရေးတပ်ဖွဲ့ဝင်တွေကိုတောင် အုပ်စုဖွဲ့ရန်ပြုတာမျိုးတွေ ရှိလာတာကလည်း ပြည်သူတွေ ရတက်မအေးဖြစ်ရတဲ့ အခြေအနေတစ်ခုပါပဲ။
"အရင်က ရဲတွေမြင်တာနဲ့ ဒုစရိုက်ကျူးလွန်တဲ့သူတွေ လွတ်ရာကို ရှောင်ကွင်းသွားကြတယ်။ အခု သူတို့ဘက်က အုပ်စုတောင့်တယ်ဆိုရင် ရဲတွေကိုပြန်ပြီး ခုခံလာကြတယ်။ နယ်မြေထဲမှာ တာဝန်ထမ်းဆောင်နေတဲ့ တပ်ဖွဲ့ဝင်တွေဆိုရင် အရင်တုန်းက နံပါတ်တုတ်၊ လက်ထိတ်နဲ့ လေးခွတွေလောက်ပဲ ဆောင်ထားကြတယ်။ အခုတော့ လှည့်ကင်းအဖွဲ့ဆိုရင် သေနတ်တွေကိုင်လာကြတယ်" လို့ ကုမ္ပဏီဝန်ထမ်း ကိုအေးသိန်းဆွေက ပြောပါတယ်။
တွံတေးတူးမြောင်းအတွင်း ရပ်နားထားတဲ့ စက်တပ်သမ္ဗန်တွေပေါ်ကို ခိုးယူမှု၊ ခြိမ်းခြောက်လုယက်မှုတွေ မကြာခဏကျူးလွန်ခဲ့တယ်ဆိုသူတွေကို သတင်းအရ ကင်းပုန်းဝပ် စောင့်ဆိုင်းဖမ်းဆီးရာမှာ ရဲတပ်ဖွဲ့ဝင်တွေကို ဓားနဲ့ခုခံလို့ သေနတ်နဲ့ပစ်ခတ်ဖမ်းဆီးခဲ့ရတဲ့ ဖြစ်စဉ်လွန်ခဲ့တဲ့လက ဖြစ်ပွားခဲ့ပါတယ်။ အဲဒီဖြစ်စဉ်မှာ ရဲအရာရှိအပါဝင် ရဲတပ်သားနှစ်ဦး ဓားခုတ်ခံရပြီး ဓားနဲ့ ခုတ်ခဲ့သူနှစ်ဦး သေနတ်ဒဏ်ရာနဲ့ သေဆုံးကာ တစ်ဦးလွတ်မြောက်သွားခဲ့ပါတယ်။
၂၀၁၅ တုန်းက သန်လျင်မြို့နယ်မှာ တရားခံပြေးတင်မြင့်ကို ဖမ်းဆီးခဲ့သူ ရဲဝန်ထမ်းနှစ်ဦးကို တရားခံပြေးက ဓားနဲ့ထိုးခုခံခဲ့တာကြောင့် ရဲတပ်ဖွဲ့ဝင်နှစ်ဦး အသက်ဆုံးရှုံးခဲ့ရပါတယ်။ အဲဒီဖြစ်စဉ်ဖြစ်ပွားပြီး နောက်ပိုင်းမှာ လူစုလူဝေးထိန်းသိမ်းရေးစနစ်မှာ အသုံးပြုတဲ့ ရာဘာ ကျည်ဆံ ထည့်ပစ်ရတဲ့ ပန့်အက်ရှင်သေနတ်၊ ကျည်အစစ်နဲ့ ပစ်ခတ်ရတဲ့ သေနတ်တွေကို အသုံးပြုခွင့်ပေးထားကြောင်း ရဲတပ်ဖွဲ့ထံက သိရပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၁၇၊ ဇန်နဝါရီ ၁ ရက်ကနေ သြဂုတ် ၃၁ ရက်အထိ အမှုကြီး ၃၀ဝ၊ အခြားအမှု ၁çဝ၅၆၁ မှုနဲ့ ကြိုတင်ကာကွယ်မှုပေါင်း ၃၆,၆၂၂ မှု ဖြစ်ပွားခဲ့ပြီး ၂၀၁၈၊ ဇန်နဝါရီ ၁ ရက်ကနေ သြဂုတ် ၃၁ ရက်အထိ အမှုကြီး ၃၇၃ မှု၊ အခြားအမှု ၁၁,၆၄၁ မှုနဲ့ ကြိုတင်ကာကွယ်မှုပေါင်း ၃၁ç၈၆၂ မှု ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ရဲ့ စာရင်းတွေအရ သိရပါတယ်။
မှုခင်းတွေကို အရေးယူဆောင်ရွက်ရာမှာ လိုအပ်ချက်တွေ၊ မှုခင်းကြိုတင်ကာကွယ်နိုင်မှု အားနည်းချက်တွေကလည်း မှုခင်းကျူးလွန်သူတွေ အတင့်ရဲလာစေတဲ့ အကြောင်းရင်းတွေဖြစ်ပါတယ်။ ၂၀၁၇ မှာ ဒဂုံမြို့သစ်တောင်ပိုင်း၊ ၁၄၀ ရပ်ကွက်မှာ အုပ်ချုပ်ရေးမ·းဖြစ်လာခဲ့သူဟာ ၂၀၁၁၊ နိုဝင်ဘာတုန်းက မိဘအိမ်ကနေထွက်လာတဲ့ အသက်မပြည့်သေးတဲ့ မိန်းကလေးတစ်ဦးကို အုပ်စုဖွဲ့ မုဒိမ်းမှုကျူးလွန်မှုနဲ့ ဖမ်းဆီးခံရပြီး ထွက်ပြေးလွတ်မြောက်ခဲ့သူဖြစ်တယ်ဆိုတဲ့သတင်း လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့ပြီးတဲ့နောက် တရားဥပဒေစိုးမိုးမှုအပေါ် ပြည်သူတွေက ပိုမိုအာရုံစိုက်လာကြပါတယ်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ အင်တာနက်စာမျက်နှာမှာ တရားဝင်ထုတ်ပြန်ကြေညာထားတဲ့ အဲဒီအမှုအတွက် တရားခံပြေးကို အခုအချိန်အထိ ရဲတပ်ဖွဲ့က ဖမ်းဆီးတယ်လို့ မကြားရသေးပါဘူး။ ဒီလိုအခြေအနေကြားမှာပဲ မုဒိမ်းမှုတရားခံပြေးနဲ့ပတ်သက်လို့ ရဲတပ်ဖွဲ့ကို သတင်းပေးတာ၊ မီဒီယာနဲ့ တွေ့ဆုံပေးတာတွေကို ကူညီပေးနေတဲ့ အမျိုးသားတစ်ဦး တောင်ဒဂုံမြို့နယ်မှာပဲ အုပ်စုဖွဲ့ဓားနဲ့ အခုတ်ခံရပြီး သေဆုံးခဲ့ပါသေးတယ်။
"ရဲတပ်ဖွဲ့က အမှုကိုစုံစမ်းစစ်ဆေးတဲ့နေရာမှာ လိုအပ်တဲ့ အထောက်အထားသဲလွန်စတွေ မပျောက်ပျက်ဖို့ လိုတယ်။ ခေတ်အဆက်ဆက် ဘယ်လိုစုံစမ်းဖော်ထုတ်ရမလဲဆိုတဲ့ အချက်အလက်တွေကို ရဲလုပ်ငန်းလက်စွဲ ဒုတိယတွဲမှာ အပိုဒ်ပေါင်း ၃çဝ၀ဝ ကျော်ပါတယ်။ ဒါတွေကို သေသေချာချာဖတ်ပြီးလေ့လာမယ်ဆိုရင်အမှုတွေ ပေါ်လာနိုင်ပါတယ်။ ဥပဒေကရှိပြီးသားပါ၊ ကွင်းဆက်တွေပြတ်နေတာ။ စနစ်ကိုပြင်စရာမလိုဘူး။ ကျွမ်းကျင်ပိုင်နိုင်ပြီး အကောင်အထည်ဖော်ဆောင်ရွက်နိုင်မယ့်လူပဲ လိုတယ်" လို့ ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပြုအဖွဲ့ အတွင်းရေးမ·း ဦးခင်ဇော်ကပြောသည်။
စက်တင်ဘာ ၁၆ ရက်က မင်္ဂလာတောင်ညွန့်မြို့နယ် တည်းခိုခန်းတစ်ခုမှာ ဖြစ်ပွားခဲ့တဲ့ အမျိုးသားတစ်ဦး သတ်ဖြတ်ခံရတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး ပြစ်မှုကျူးလွန်ခဲ့သူအမျိုးသမီးရဲ့ပြောကြားချက်ပါတဲ့ ဗီဒီယိုဖိုင်မှာ သူ့ရဲ့နစ်နာခဲ့ရမှုအတွက် ကနဦးတိုင်တန်းချက်ကို ရဲတပ်ဖွဲ့နဲ့ တရားရေးဝန်ထမ်းတွေက ဖြေရှင်းဆောင်ရွက်ခြင်းမရှိခဲ့ဘူးလို့ ပြောဆိုထားပါတယ်။
"နစ်နာမှုကို အမှုဖွင့်ဖို့ တောင်ဒဂုံရဲစခန်းကို သွားတယ်။ နေတဲ့ရပ်ကွက်က ဧရာဝဏ်ရဲစခန်းအပိုင် ဆိုပြီး အဲဒီရဲစခန်းကိုပြန်လွှတ်တယ်။ အဲဒီရဲစခန်းကို ရောက်တော့ တောင်ဒဂုံရဲစခန်းအပိုင်ဆိုပြီး ပြန်လွှတ်ခဲ့ကြတယ်" လို့ မလင်းလင်းခိုင်က အင်တာဗျူး တစ်ခုမှာ ပြောထားပါတယ်။
အမှုအခင်းတွေဖြစ်ရင် ပြဋ္ဌာန်းထားတဲ့ ဥပဒေ၊ ရဲတပ်ဖွဲ့ဥပဒေများအရ အမှုဖြစ်စဉ်တိုင်းမှာ ရဲတပ်ဖွဲ့က တာဝန်ယူဖြေရှင်းပေးရတာတော့ မဟုတ်ပါဘူး။
"ရဲစခန်းတွေမှာ နစ်နာသူတွေ အမှုအခင်းနဲ့ပတ်သက်ပြီး လာရောက်တိုင်ကြားရင် အရင်ဆုံးအကြောင်းအရာ ကိုမေးမြန်းပြီးတော့မှ အမှုဖွင့်ဖို့အတွက် စစ်ဆေးမေးမြန်းမှုတွေ ဆောင်ရွက်ကြပါတယ်။ ရဲအရေးပိုင်တဲ့ အမှုတွေဆိုရင် ရဲစခန်းက ဆောင်ရွက်ပေးတယ်။ ရဲအရေးမပိုင်တဲ့အမှုတွေကိုတော့ တရားရုံးကို ဦးတိုက်လျှောက်ထားဖို့အတွက် လိုအပ်တဲ့(က/ခ ပုံစံ)အမှုအကျဉ်းလောက်ရေးဖြည့်ပြီးတော့ တရားရုံးကို ဦးတိုက်လျှောက်ဖို့ ကူညီပေးတယ်။ ဥပဒေကြောင်းနားလည်တဲ့သူတွေကတော့ တရားရုံးကို တိုက်ရိုက်သွားပြီး လျှောက်ထားကြတာတွေရှိတယ်}}လို့ ပုဇွန်တောင်မြို့မရဲစခန်းက ရဲတပ်ကြပ်ကြီးသန်းကြည်က မြန်မာတိုင်း(မ်)ကို ပြောပါတယ်။
တရားဥပဒေစိုးမိုးမှု ဖော်ဆောင်ရေးအတွက် ရဲတပ်ဖွဲ့ဝင်တွေဘက်မှာလည်း တပ်ဖွဲ့ဝင်အင်အားနည်းပါးမှုနဲ့ လက်နက်ကိရိယာ လိုအပ်ချက်တွေရှိနေတယ်လို့ ရဲတပ်ဖွဲ့ အရာရှိကြီးအချို့က ဆိုကြပါတယ်။ ရဲတပ်ဖွဲ့ဝင်တစ်ဦးအနေနဲ့ ပြည်သူ ၁,၃၅၆ ဦးခန့်ကို ကာကွယ်နေရတယ်လို့ ဆိုပါတယ်။
"ပြည်သူ့လုံခြုံရေးအတွက် ထိန်းသိမ်းနေရတဲ့ ရဲတပ်ဖွဲ့ဝင်တွေ အင်အားနည်းပါးမှုတွေရှိတယ်။ မှုခင်းထိန်းသိမ်းမှုဖြစ်စဉ်တွေမှာ အခက်အခဲနဲ့ အမှုမှန်ပေါ်ပေါက်ချက်တို့မှာ အားနည်းနေမယ်။ တပ်ဖွဲ့ဝင်အင်အား လုံလုံလောက်လောက်ရှိမယ်ဆိုရင် ကြိုတင်ကာကွယ်ဟန့်တားနိုင်ပြီး မှုခင်းဖြစ်ပွားမှု လျော့နည်းကျဆင်းအောင် လုပ်ဆောင်နိုင်မှာပါ" လို့ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ဝင် ရဲအရာရှိတစ်ဦးက ပြောပါတယ်။
"ရဲတပ်ဖွဲ့မှာ ခေတ်အဆက်ဆက် အစိုးရအဆက်ဆက်က မပြည့်စုံတာဖြစ်ပါတယ်။ အခုကာလရောက်မှ ရဲတပ်ဖွဲ့ရဲ့ အထောက်အကူပြုပစ္စည်းတွေ မပြည့်စုံလို့ မှုခင်းကြိုတင်ကာကွယ်မှုတွေမှာ အားနည်းတယ်ဆိုတဲ့ အကြောင်းတရားက မခိုင်လုံဘူး ဖြစ်နေတယ်" လို့ လှိုင်သာယာမြို့နယ် တိုင်းဒေသကြီးအမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမောင်က စက်တင်ဘာ ၂၄ ရက်က ကျင်းပခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးမှာပြောကြားခဲ့ပါတယ်။
ရဲတပ်ဖွဲ့ကတင်လာတဲ့အမှုကို စိစစ်ထိန်းကျောင်းဖို့ ဥပဒေအရာရှိ (အစိုးရရှေ့နေ)က ကိုယ်တိုင်စုံစမ်းစစ်ဆေးမှုကို ဆောင်ရွက်စေချင်ကြောင်း တရားလွှတ်တော်ရှေ့နေ ဒေါ်နီလာအေးကဆိုတယ်။
"အဲဒီလိုမျိုး စုံစမ်းစစ်ဆေးမှုလုပ်ပြီး ပြစ်မှုတွေကို စွဲတင်မယ်ဆိုရင် လွဲမှားမှုနည်းစေတယ်" လို့ သူကဆိုပါတယ်။ လူမှုကွန်ရက် တွင်ကျယ်လာတာကြောင့် မှုခင်းဖြစ်စဉ်တွေ အလွယ်တကူပျံ့နှံ့ပြီး တရားခံလက်ရဖမ်းဆီးရေးအတွက် အထောက်အကူဖြစ်လာခဲ့သလို ရဲတပ်ဖွဲ့ဝင်တွေ အခင်းဖြစ်ရာကို မရောက်လာခင် ပြည်သူတွေက ဝိုင်းဝန်းဖမ်းဆီးကြတာတွေလည်း အများအပြားရှိခဲ့ပါတယ်။
ရပ်ကွက်နေလူထုနဲ့ပူးပေါင်းပြီး မှုခင်းကျဆင်းမှုလျော့နည်းရေးကိုဆောင်ရွက်နေတဲ့ အပြင် ရဲတပ်ဖွဲ့ရဲ့ ဖွဲ့စည်းပုံအင်အားထက် ပိုမိုတာဝန်ချထားနိုင်ဖို့ကိုလည်း ဆောင်ရွက်နေကြောင်း ဗိုလ်မှူးကြီးအောင်စိုးမိုးက ပြောပါတယ်။ မှုခင်းဖြစ်ပွားမှုများတဲ့ ရန်ကုန်တိုင်းဒေသကြီးမှာ စွန်ရဲစီမံချက်၊ မန္တလေးတိုင်းဒေသကြီးမှာ သိန်းငှက်စစ်ဆင်ရေးစီမံချက်တွေ ချမှတ်ဆောင်ရွက်နေပြီး တခြားပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာလည်း မှုခင်းလျော့နည်းကျဆင်းစေဖို့အတွက် မှုခင်းကြိုတင် ကာကွယ်တာ၊ မှုခင်းအသိပညာပေးတာတွေကို ဆောင်ရွက်နေပါတယ်။
















