သံတမန်ဆက်ဆံရေးအသစ် ပြန်လည်ချမှတ်ခဲ့ပြီးနောက် မြေမြှုပ်မိုင်းများရှင်းလင်းရေး ဆောင်ရွက်ခြင်းဖြစ်သည်။
ဆိုးလ် - ယခုနှစ် စက်တင်ဘာလအတွင်းက ပြုလုပ်ခဲ့သော တင်းမာမှုလျှော့ချရေး သဘောတူညီချက်များအရ တောင်ကိုရီးယား နှင့် မြောက်ကိုရီးယား တပ်ဖွဲ့များသည် ယင်းတို့၏ လုံခြုံရေးအပြည့်အဝ ချထားသော နယ်စပ်ဒေသတွင် လုံခြုံရေးအတွက် မြှုပ်နှံထားသည့် မြေမြုပ်မိုင်းအချို့ကို အောက်တိုဘာ ၁ ရက်မှစ၍ ရှင်းလင်း ဖယ်ရှားနေပြီဖြစ်ကြောင်း တောင်ကိုရီးယား အရာရှိများက ပြောကြားခဲ့သည်။
မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယား လက်နက်အစီအစဉ်ကို နိုင်ငံတကာ သံတမန်ဆက်ဆံရေးအသစ် ပြန်လည်ချမှတ်ခဲ့ပြီးနောက် ယခုကဲ့သို့ မြေမြှုပ်မိုင်းများ ရှင်းလင်းရေး ဆောင်ရွက်လာခဲ့ခြင်းဖြစ်သည်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ ဒုတိယအကြိမ် ထိပ်သီးတွေ့ဆုံမှု ပြုလုပ်နိုင်ရန် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယို က အောက်တိုဘာလတွင် မြောက်ကိုရီးယားနိုင်ငံသို့ လာရောက်မည်ဖြစ်သည်။
မြောက်ကိုရီးယားနယ်စပ် ပန်မွန်ဂျုံရွာနှင့် ၁၉၅၀ ပြည့်မှ ၁၉၅၃ ခုနှစ်အထိ ဖြစ်ပွားခဲ့သော ကိုရီးယားစစ်ပွဲအတွင်း ကျဆုံးခဲ့သည့် စစ်သည်များ၏ ရုပြွ်ကင်းများကို ကိုရီးယားနှစ်နိုင်ငံ ပထမဆုံးအကြိမ် ပူးပေါင်းရှာဖွေခဲ့ကြသောဒေသ မြားဦးတောင် (Arrow head hill) သို့ တောင်ကိုရီးယား စစ်တပ် အင်ဂျင်နီယာများကို မိုင်းရှင်းလင်းရေးကိရိယာများနှင့်အတူ အောက်တိုဘာ ၁ ရက်တွင် စေလွှတ်ခဲ့သည်။
၁၁၅ မိုင် ရှည်လျားသည့် စစ်မဲ့ဇုန်တွင် မြေမြှုပ်မိုင်းအရေအတွက် နှစ်သန်းခန်းရှိ ...
ကိုရီးယားစစ်ပွဲကြောင့် လူသန်းပေါင်းများစွာ သေဆုံးခဲ့ကြပြီး မြောက်ကိုရီးယားနိုင်ငံနှင့် ပူးပေါင်း၍ တောင်ကိုရီးယားနိုင်ငံက စစ်သည်များ၏ ရုပြွ်ကင်း ပြန်လည် တူးဖော်မှုများကို ဆောင်ရွက်လိုနေသည်။ ၁၁၅ မိုင် ရှည်လျားသည့် စစ်မဲ့ဇုန်တွင် မြေမြှုပ်မိုင်း အရေအတွက် နှစ်သန်းခန့်ရှိကြောင်းသိရပြီး နယ်စပ်နှစ်ခုတွင် သံကြိုးများဖြင့် ကာရံထားကာ စစ်သည်ထောင်ပေါင်းများစွာခန့် အစောင့်ချထားကြောင်း သိရသည်။
မြောက်ကိုရီးယားနှင့် တောင်ကိုရီးယား တပ်ဖွဲ့များသည် ပန်မွန်ဂျုံရွာနှင့် မြားဦးတောင်ဒေသ တောင်ဘက်ပိုင်းတို့တွင် မြေမြုပ်မိုင်းများကို စတင် ရှင်းလင်းလျက်ရှိသည်။ အောက်တိုဘာ ၁ ရက်ညပိုင်းတွင် မြောက်ကိုရီးယားစစ်သည်များ မိုင်းရှင်းလင်းရေးလုပ်ငန်းကို ၎င်းတို့ဘက်ခြမ်း၌ စတင်ဆောင်ရွက်သည်ဟု ယုံကြည်ရသော အထောက်အထားများကို တောင်ကိုရီးယားစစ်တပ်က ထောက်လှမ်းတွေ့ရှိခဲ့ကြောင်း အမည်မဖော်လိုသော တောင်ကိုရီးယား ကာကွယ်ရေးအရာရှိ တစ်ဦးက ပြောကြားခဲ့သည်။
မြောက်ကိုရီးယား နိုင်ငံပိုင်မီဒီယာများကမူ မိုင်းရှင်းလင်းသည်ဆိုသော သတင်းများကို ချက်ချင်းအတည်မပြုခဲ့ပေ။ ကိုရီးယားစစ်ပွဲကာလက တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့သော မြားဦးတောင် ဒေသတွင် တောင်ကိုရီးယားနှင့် ကုလသမဂ္ဂတပ်ဖွဲ့များက စစ်သည် သုံးရာခန့်၏ ရုပ်ကြွင်းများ ရှိနေကြောင်း တောင်ကိုရီးယား အရာရှိများက ယုံကြည်ထားသည်။
၎င်း ရုပြွ်ကင်းများနှင့်အတူ အရေအတွက် အတိအကျ မဖော်ပြနိုင်သော တရုတ်နှင့် မြောက်ကိုရီးယားစစ်သည်များ၏ ရုပြွ်ကင်းများလည်း ရှိနေသည်ဟု ပြောကြားသည်။ မြေမြှုပ်မိုင်းများရှင်းလင်းရေး သဘောတူညီချက်အရ ပထမဆုံးအကြိမ် ရှင်းလင်းရန် ကြိုးပမ်းမှုကို ခရစ်နှစ် ၂၀ဝ၀ ပြည့်နှစ် စောစောပိုင်းကတည်းကပင် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည်။ သမားရိုးကျ စစ်ရေး အန္တရာယ်ရှိမှုများကို လျှော့ချနိုင်ရန် ရည်ရွယ်၍ ကိုရီးယားနှစ်နိုင်ငံ ကာကွယ်ရေးအကြီးအကဲများသည် စက်တင်ဘာလအတွင်းက ပြုံယန်းမြို့တွင် ခေါင်းဆောင်ကြီးများ၏ ထိပ်သီးဆွေးနွေးပွဲအတွင်း ကြားဖြတ်အစည်းအဝေးများ ကျင်းပကာ ဆွေးနွေးခဲ့ကြသည်။
သမားရိုးကျ စစ်ရေးအန္တရာယ်များကို လျှော့ချရန် ရည်ရွယ်ပြီး တောင်ကိုရီးယားနှင့် မြောက်ကိုရီးယား ကာကွယ်ရေးအကြီးအကဲများသည် ဒီဇင်ဘာလတွင် ရှေ့တန်းကင်းစခန်း ၁၁ ခုကို ရုပ်သိမ်းရန် သဘောတူညီခဲ့ကြပြီး ၎င်းတို့ပိုင်နက်များ၊ ရေကြောင်းပိုင်နက်များနှင့် လေယာဉ်ပျံသန်းခွင့်မရှိသော နေရာများတွင် ကြားခံဇုန်များ သတ်မှတ်ခဲ့ကြသည်။ ထို့ပြင် တောင်ကိုရီးယားနိုင်ငံက ကိုရီးယားစစ်ပွဲတွင် ပျောက်ဆုံးခဲ့သော တောင်ကိုရီးယား စစ်သား ၆၄ ဦး၏ ရုပြွ်ကင်းများကို ပြန်လည်ရရှိခဲ့သည့် အခမ်းအနားကို အောက်တိုဘာလ ၁ ရက်တွင် ကျင်းပခဲ့သည်။ အဆိုပါ ရုပ်ကြွင်းများကို ၁၉၉၆ ခုနှစ်မှ ၂၀ဝ၅ ခုနှစ်အထိ အမေရိကန်နှင့် မြောက်ကိုရီးယား ပူးပေါင်းတူးဖော်ရေး စီမံကိန်းအတွင်း မြောက်ကိုရီးယားနိုင်ငံတွင် ပြန်လည် တွေ့ရှိခဲ့ခြင်းဖြစ်သည်။

















