မက္ကဆီကိုစီးတီး-မက္ကဆီကိုမြို့တော် တလာတီလိုကိုပလာဇာတွင် ၁၉၆၈ ခုနှစ် အောက်တိုဘာ ၂ ရက်က ကျောင်းသားဆန္ဒပြမှုတစ်ခုကို စစ်တပ်က ဖြိုခွင်းရာ၌ လူ၃၀ဝ လောက်အထိ စစ်သားများက အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့စဉ်က လူသတ်သမားများသည် ယူနီဖောင်းများဝတ်များဖြစ်ခဲ့သည်။
ယနေ့ခေတ်တွင်မူ လူမိုက်လူရမ်းကားများ၊ မူးယစ်ဆေးဝါးဖြင့် စီးပွားရှာသူများ၊ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ၊ မုဒိမ်းသမားများကြောင့် ကျောင်းသားများသည် တိုက်ခိုက်ခံနေရဆဲဖြစ်သည်ဟု မက္ကဆီကိုရှိ ကျောင်းသားများက ဆိုသည်။ ၆၈ မျိုးဆက်များ ကြိုးပမ်းတိုက်ပွဲဝင်ခဲ့သည့်အတွက် ယခုအခါ လွတ်လပ်စွာ ပြောဆိုခွင့်ရှိကြောင်း ယနေ့ခေတ်ကျောင်းသားလှုပ်ရှားသူများနှင့် ၁၉၆၈ ဒီမိုကရေစီ လှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့် ကျောင်းသားဟောင်းများက ပြောသည်။ သို့သော် ပြစ်ဒဏ်ချမှတ်ခြင်းမရှိသည်မှာ အရင်ကအတိုင်းဖြစ်ပြီး ၁၉၆၈ သတ်ဖြတ်မှုများအတွက် မည်သူ့ကိုမျှ ပြစ်ဒဏ်ချမှတ်ခြင်း မရှိကြောင်းကိုလည်း ၎င်းတို့က ပြောကြားသည်။
မက္ကဆီကိုသည် အောက်တိုဘာ ၂ ရက်က တလာတီလိုကို၏ နှစ် ၅၀ မြောက် နှစ်ပတ်လည်အထိမ်းအမှတ်ပြုလုပ်ခဲ့ရာ ကျောင်းသားများ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုသည် ဟင်းလင်းပွင့်နေသော အနာတစ်ခုအဖြစ်တည်ရှိနေသည်။ ငြိမ်းချမ်းစွာ ဆန္ဒပြနေခြင်းကို စစ်သားများက သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် လူ မည်မျှသေဆုံးခဲ့သည်ကို မည်သူမျှ အတိအကျမသိပေ။
"အခုခေတ်က ပိုဆိုးနေပြီ။ လူငယ်တွေဟာ စီးပွားရေး၊ တန်းတူညီမျှမှုမရှိတာနဲ့ အခွင့်အလမ်း နည်းပါးမှုတွေနဲ့ တိုက်ခိုက်ခံနေရတယ်" ဟု အသက် ၆၉ နှစ်အရွယ် အန်းရစ်အက်စ်ပီနိုဆာက ပြောသည်။ "ဒါဟာ ကျွန်တော်တို့ လိုချင်တဲ့ မက္ကဆီကိုနိုင်ငံမဟုတ်ဘူး" ဟု ၆၈ ဒီမိုကရေစီလှုပ်ရှားမှုတွင်ပါဝင်ခဲ့သူ အန်းရစ်က ပြောကြားသည်။ အစိုးရပိုင်းဆိုင်ရာ ဒုက္ခသည်များကော်မရှင်က ၆၈ ကျောင်းသားများအသတ်ခံရမှုကို ထင်ရာမြင်ရာဖမ်းဆီးမှုများ၊ ညှဉ်းပန်းနှိပ်စက်မှုများနှင့် အောက်တိုဘာ ၂ ရက်ကျော်လွန်သည်အထိ ဆက်လက်ဖြစ်ပွားခဲ့သည့် နိုင်ငံတော်ပြစ်မှုတစ်ခုဟု မကြာသေးမီက ဝန်ခံပြောကြားသော်လည်း အမှားအတွက် ကျေလည်အောင် ပေးဆပ်မည်၊ တရားမျှတမှု ရှိရမည်ဆိုသည့် ကတိပြုမှုကိုမူ အပြောရခက်နေသည်။
"၁၉၆၈ တုန်းက ဖိနှိပ်ချုပ်ချယ်တာတွေကို စစ်တပ်နဲ့ အဓိကရုဏ်းရဲတွေက ကိုင်တွယ်လုပ်ဆောင်တယ်။ အခုခေတ်မှာတော့ ဖိနှိပ်ချုပ်ချယ်မှုတွေကို လက်နက်ကိုင် အဖွဲ့အစည်းတွေကနေတစ်ဆင့် ဆောင်ရွက်တယ်။ ဒါက အလွန်အရေးကြီးတဲ့ ခြားနားချက်တစ်ခုပဲ" ဟု ၆၈ လှုပ်ရှားမှုခေါင်းဆောင်ဟောင်းဖြစ်သူ ဗစ်တာ ဂူအာရာ ကပြောသည်။ ဟိုစဉ်အချိန်က အစိုးရသည် အလွန်အာဏာရှင်ဆန်ကာ လွတ်လပ်စွာ ထုတ်ဖော်ပြောကြားမှု၊ ဆန္ဒပြမှုများကို ခွင့်မပြုခဲ့ပေ။ အခုချိန်တွင်မူ ၆၈ လှုပ်ရှားမှု၏ ကျေးဇူးကြောင့် လမ်းများပေါ်တွင် ဆန္ဒပြနိုင်သည့် အလားအလာရှိသည်ဟု ၎င်းက ဆက်လက်ပြောသည်။
၎င်း၏ပြောကြားချက်သည် အထင်နှင့်အမြင်လွဲစင်ကာ စက်တင်ဘာလက အမျိုးသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတက္ကသိုလ်တွင် ကျောင်းသား တစ်ဦးဆန္ဒပြနေသည်ကို 'ပေါ်ရော့စ်' ဟု အများကသိကြသည့် လူရမ်းကားများက တိုက်ခိုက်ခဲ့ရာ ကျောင်းသားနှစ်ဦး ပြင်းထန်စွာ ဒဏ်ရာရခဲ့ပြီး တစ်ဦးမှာ နောက်ကျောတွင် ဓားထိုးခံခဲ့ရသည့် အတွက် နှစ် ၅၀ အထိမ်းအမှတ် မတိုင်မီမှာပင် ကျောင်းသားများသည် လမ်းပေါ်သို့တက်ကာ ဆန္ဒပြခဲ့ကြသည်။ ဓားထိုးခံရသည့် ကျောင်းသား၏ မိန်းကလေးက အဆိုပါ ကျောင်းသားအား ကာကွယ်ရန် ကြိုးပမ်းစဉ် မျက်နှာကို လက်သီးဖြင့် ထပ်ခါတလဲလဲအထိုးခံရသည်။
အဆိုပါ အကြမ်းဖက်မှုကြောင့် မက္ကဆီကိုနိုင်ငံသူနိုင်ငံသားတို့ တုန်လှုပ်ခဲ့ကာ ၎င်းတို့က ပေါ်ရော့စ်တို့သည် စာရင်းသွင်းထားသော်လည်း အတန်းမတက်သည့် အယောင်ဆောင်ကျောင်းသားများဖြစ်ကာ နိုင်ငံရေးသမားများအတွက် အငှားလူမိုက်အဖြစ် ဆောင်ရွက်သူများဟု မှတ်ယူထားကြသည်။
"၁၉၆၈ ခုနှစ်တုန်းက အစိုးရက တိုက်ရိုက် ဖိနှိပ်ချုပ်ချယ်ခဲ့တယ်။ အခုတော့ အစိုးရက ရုပ်ပိုင်းဆိုင်ရာ ဖိနှိပ်ချုပ်ချယ်မှုကို ကြိုးစားမယ်ဆိုရင် ဒါက သိပ်ကို မိုက်မဲလွန်းရာကျပြီး လူထူက အုံကြွလာလိမ့်မယ်။ အခုတော့ 'ပေါ်ရော့စ်' လို တခြားအုပ်စုတွေက လုပ်လာကြတယ်။ အစိုးရက သူတို့ရဲ့ မကောင်းတဲ့အလုပ်တွေ လုပ်ပေးဖို့ ကြားလူကို ငှားလိုက်တာပဲ" ဟု မက္ကဆီကိုစီးတီးတက္ကသိုလ်က နိုင်ငံရေးသိပ္ပံကျောင်းသား အသက် ၂၀ အရွယ် ဂျိုဆူး ဂွန်ဇာလေးက ပြောသည်။
"အမျိုးသမီးတွေကို သတ်ဖြတ်တာ၊ ပြန်ပေးဆွဲတာ၊ လုယက်ဓားပြတိုက်တာတွေ လုပ်နေတာ ပေါ်ရော့စ်တွေပဲ" ဟု အမျိုးသားတက္ကသိုလ် စီးပွားရေးဘွဲ့ရ ကျောင်းသူ ဂျူအန် ဂီဂျိုဆာက ပြောသည်။
"အခုခေတ်မှာ ရာဇဝတ်မှုတွေနဲ့ ပြဿနာက အကြီးကြီးဖြစ်နေပြီ။ ကျွန်တော်တို့ တက္ကသိုလ်ရဲ့ အပြင်ဘက်မှာတင်ပဲ သတ်ဖြတ်မှုတွေ၊ ပြန်ပေးဆွဲတာတွေ၊ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေရှိနေတယ်" ဟု စက်တင်ဘာ ကျောင်းသားဆန္ဒပြုမှုတွင် ပါဝင်သည့် ကျောင်းသားတစ်ဦးက ပြောကြားခဲ့သည်။



















