ပေကျင်း - တရုတ်မင်းသမီး ဖန်ပိန်းပိန်းနှင့် ၎င်းကိုယ်စားပြုသည့် ကုမ္ပဏီများကို အခွန်နှင့်ဒဏ်ငွေ စုစုပေါင်း ဒေါ်လာသန်း ၁၃၀ ပေးဆောင်ရန် တရုတ် အခွန်အာဏာပိုင်များကချမှတ် လိုက်သော်လည်း ၎င်းကို ရာဇဝတ်မှုဖြင့်တရားစွဲဆိုခြင်းမှ သက်ညှာလိုက်သည်ဟု နိုင်ငံပိုင်သတင်းဌာနက အောက်တိုဘာ ၃ ရက်က ဖော်ပြခဲ့သည်။
အဆိုပါ ထုတ်ပြန်ကြေညာချက်ကြောင့် လွန်ခဲ့သည့် သုံးလက အခွန်တိမ်းရှောင်မှုကြောင့် စုံစမ်းမေးမြန်းခံရကာ အများပြည်သူရှေ့မှ ပျောက်ကွယ်နေသည့် မင်းသမီးအပေါ်ခန့်မှန်း ပြောဆိုချက်များအဆုံးသတ်သွားသည်။ စုစုပေါင်းချမှတ်ခံရသည့် ငွေပမာဏအနက် ဖန်သည် အခွန်တိမ်းရှောင်မှုအတွက် ဒေါ်လာ သန်း ၇၀ ဝန်းကျင်ကို ဒဏ်ငွေအဖြစ် ပေးဆောင်ရမည်ဖြစ်သည်။ ယွမ် သန်း ၉၀ဝ နီးပါး (ဒေါ်လာ သန်း ၁၃၀) ရှိသည့် အခွန်အခ၊ ဒဏ်ငွေနှင့် နောက်ကျကြေးများကို အချိန်မီပေးသွင်းပါက တရားစွဲဆိုမည်မဟုတ်ကြောင်း ရှင်ဟွာကဆိုသည်။

















