မြို့ပြ၊ ကျေးလက် ဘယ်နေရာမှာပဲနေနေ ပလတ်စတစ်ကြောင့်ဖြစ်ရတဲ့ ပတ်ဝန်းကျင်ညစ်ညမ်းမှုက လူတိုင်းနဲ့ သက်ဆိုင်နေတဲ့ ကိစ္စရပ်တစ်ခု ဖြစ်ပါတယ်။ ပလတ်စတစ်က သဘာဝပတ်ဝန်းကျင်ကို အန္တရာယ်ဖြစ်စေတယ်ဆိုတာ လူတွေ သိနားလည်ကြပါတယ်။ပလတ်စတစ်ကြောင့် ဖြစ်ပေါ်ရတဲ့ ပတ်ဝန်းကျင်ညစ်ညမ်းမှုနဲ့ပတ်သက်ပြီး အသိပညာပေး အစီအစဉ်တွေကို အစိုးရနဲ့ အစိုးရမဟုတ်တဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေတဲ့တိုင်အောင် အခုထက်ထိတော့ မထိရောက်သေးဘူးလို့ ဆိုရမှာ ဖြစ်ပါတယ်။ အဓိကအကြောင်းရင်းကတော့ ပလက်စတစ်ကို ကျယ်ကျယ်ပြန့်ပြန့် ဆက်လက်သုံးစွဲနေကြလို့ပါပဲ။
ကာလကြာရှည်ဖြစ်ပွားနေတဲ့ ပလတ်စတစ်ညစ်ညမ်းမှုကို တိုက်ဖျက်ဖို့အတွက် နည်းလမ်းတစ်ခု လိုအပ်လာပါ တယ်။ဒီလိုအခြေအနေမျိုးမှာ ရန်ကုန်မြို့၊ ဒလမှာ အခြေစိုက်တဲ့ကြွပ်ကြွပ်မြန်မာ (Chu Chu Myanmar) ဆိုတဲ့ အဖွဲ့အစည်းဟာခက်ခဲလှတဲ့ ဒီစိန်ခေါ်မှုကို ရင်ဆိုင်ဖြေရှင်းဖို့ တက်တက်ကြွကြွပါဝင်လာပါတယ်။ ထူးခြားတဲ့ စိတ်ကူး စိတ်သန်း၊ တီထွင်ဆန်းသစ်တဲ့ နည်းလမ်းတွေကြောင့် ကြွပ်ကြွပ်မြန်မာကို လူတွေ အသိအမှတ်ပြု လာကြပြီး အောင်မြင်မှု ရရှိလာပြီဖြစ်ပါတယ်။
များပြားလှတဲ့ စွန့်ပစ်အမှိုက် ပြဿနာကို ကြွပ်ကြွပ်မြန်မာက ဘယ်လိုချဉ်းကပ်ပါသလဲ။ အဖြေကတော့ ပြန်လည်အသုံးချခြင်းဆိုတဲ့ သဘောတရားပဲ ဖြစ်ပါတယ်။ ပလတ်စတစ်တွေ၊ စွန့်ပစ်အမှိုက်တွေကိုကျွမ်းကျင်မှု၊ လက်မှုအတတ်ပညာနဲ့ ပေါင်းစပ်ပြီး အသုံးဝင်တဲ့ အသုံးအဆောင်ပစ္စည်းတွေအဖြစ် ပြန်လည်ဖန်တီးပါတယ်။စိတ်ဝင်စားစရာကောင်းတဲ့ ဒီလိုဖန်တီးမှုတွေဟာ အသုံးပြုပြီးသားပစ္စည်းတွေကို ဒီအတိုင်းစွန့်ပစ်တတ်တဲ့ လူတွေရဲ့ အလေ့အကျင့်တွေကို ကောင်းကောင်းထိန်းချုပ်နိုင်သလို ပလတ်စတစ်အသုံးပြုမှုနဲ့ပတ်သက်ပြီး မှန်ကန်တဲ့ သတိပေးမှုလည်းဖြစ်တယ်လို့ ယူဆနိုင်ပါတယ်။ဒလဆိပ်ကမ်းနဲ့ မလှမ်းမကမ်းမှာရှိတဲ့ ဒလမြို့နယ်၊ ဆင်ခြေဖုံးရပ်ကွက်ဟာ ကြွပ်ကြွပ်မြန်မာရဲ့ ဘူမိနက်သန် နယ်နိမိတ်ပါ။ ကားတာယာအဟောင်းတွေ မိုးထားပြီး စွန့်ပစ်ပလတ်စတစ်ပုလင်းခွံတွေနဲ့ ကာရံထားတဲ့ အိမ်ဟာကြွပ်ကြွပ်မြန်မာတည်ရှိရာ နေရာဖြစ်ပါတယ်။
ဆိုင်ထဲကို ဝင်လိုက်တာနဲ့ အဝတ်ချုပ်စက်တွေ၊ တွဲလောင်းချိတ်ဆွဲထားတဲ့ အသုံးအဆောင်ပစ္စည်းတွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒါ့ပြင် သေသပ်လှပတဲ့ ဖန်တီးမှုလက်ရာအဖြစ် ကော်ဖီမစ်အိတ်ခွံတွေနဲ့ ရက်ထိုးထားတဲ့ ဘူး၊ ချိတ်ဆွဲထားတဲ့ အိတ်တွေအပြင် အသုံးအဆောင်ပစ္စည်း ၆ဝ ကျော်ကို မြင်တွေ့ကြရမှာ ဖြစ်ပါတယ်။ကြွပ်ကြွပ်မြန်မာဆိုင်ထဲ ဝင်လိုက်တာနဲ့ ဆိုင်ရှင် အမျိုးသမီးက ခင်မင်ဖော်ရွေစွာ လာနှုတ်ဆက်ပါလိမ့်မယ်။ ချင်းတိုင်းရင်းသူ ဒေါ်ဝင်ဒီ (Wendy Neampul) ဟာ ကြွပ်ကြွပ်မြန်မာရဲ့ မန်နေးဂျင်း ဒါရိုက်တာ ဖြစ်ပါတယ်။ဆိုင်ထဲဝင်ရောက် လေ့လာသူတွေကို ဖော်ဖော်ရွေရွေ၊ နွေးနွေးထွေးထွေး ကြိုဆိုနှုတ်ဆက်ရင်း ခင်းကျင်း ပြသထားတဲ့ပစ္စည်းတွေကို ရှင်းပြလိုက်၊ သေသေသပ်သပ် နေရာတကျ ပြန်ထားလိုက်နဲ့ သူ့ရဲ့ ဧည့်ဝတ်ကျေပွန်မှုက ကျေနပ်ဖွယ်ပါ။
ဆိုင်ကို လာရောက်သူတွေ နားနေဖို့ စားပွဲတစ်လုံး၊ ခုံတန်းရှည်တစ်ခုနဲ့ သစ်ပင်အပိုင်း ထိုင်ခုံ သုံး၊ လေးလုံးကိုလည်း ထားပေးတဲ့အပြင် ဧည့်သည်တွေ အမောပြေစေဖို့ အအေး၊ ကော်ဖီ စတဲ့ သောက်စရာတွေကိုလည်း စီစဉ်ပေးထားပါတယ်။ ဆိုင်ရဲ့ ဧည့်ခန်းထဲမှာတော့ ပိုက်ဆံအိတ်၊ လက်ကိုင်အိတ်၊ ကစားစရာတွေနဲ့ တခြား ထူးခြားဆန်းပြားတဲ့ ပစ္စည်းတွေ အစုံအလင် ပြသထားပါတယ်။ကြွပ်ကြွပ်မြန်မာဆိုင် စတင်ဖြစ်ပေါ်လာပုံကို မေးမြန်းကြည့်တဲ့အခါမှာတော့ ဒေါ်ဝင်ဒီက သူ့ရဲ့ အတွေ့အကြုံတွေကို စိတ်အားထက်သန်စွာ မျှဝေပါတယ်။အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတစ်ခုမှာ စာရင်းကိုင်အဖြစ် အလုပ်လုပ်နေရင်း ၂ဝ၁၄ ဧပြီ ဝန်းကျင်မှာ ဒေါ်ဝင်ဒီဟာ အီတလီအခြေစိုက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့ Cesviwas နဲ့ ပူးပေါင်းပြီး ကြွပ်ကြွပ်မြန်မာကို စတင် တည်ထောင်ဖို့ လမ်းစပေါ်ပေါက်ခဲ့ပါတယ်။
သန့်ရှင်းရေးနဲ့ စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲရေးလုပ်ငန်းတွေမှာ Cesviwas အတွက် အလုပ်လုပ်ပေးနေတဲ့ မစ္စတာ ဖရီဒိုဂျက်စကီဟာ ရန်ကုန်မြစ်နဲ့ ရန်ကုန်မြို့တစ်ဝိုက်က တောင်လိုပုံနေတဲ့ ပလတ်စတစ်အမှိုက်တွကို ဘယ်လိုရှင်းရမလဲလို့ အကြံအိုက်နေတဲ့အချိန်ဖြစ်ပါတယ်။စွန့်ပစ်ပစ္စည်းတွေကို အသုံးဝင်တဲ့ လူ့အသုံးအဆောင်ပစ္စည်းတွေဖြစ်အောင် ပြန်လည်တီထွင်တဲ့ အတတ်ပညာနဲ့ ပတ်သက်လို့ ဂျက်စကီဟာ ဒလအနီးအနားတစ်ဝိုက်က လူတွေကို သင်တန်းပေးခဲ့ပါတယ်။ အဲဒီတုန်းက သင်တန်းသူဖြစ်ခဲ့တဲ့ ဒေါ်ဝင်ဒီတစ်ယောက်ဟာ အခုဆိုရင်တော့လူအယောက် ၅ဝ လောက်နဲ့ လည်ပတ်နေတဲ့ ကြွပ်ကြွပ်မြန်မာရဲ့ ခေါင်းဆောင်ဖြစ်နေပါပြီ။
ရှုပ်ပွပြန့်ကျဲနေတဲ့ ပလတ်စတစ်အိတ်တွေကို အသုံးအဆောင် ပစ္စည်းတွေအဖြစ် ပြောင်းလဲမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပဲ ကြွပ်ကြွပ်အိတ်တစ်ဖြစ်လဲ ပလတ်စတစ်အိတ်က မြည်တဲ့အသံ ''ကြွပ်ကြွပ်'' ကို အစွဲပြုပြီး ကြွပ်ကြွပ်လို့ ဆိုင်နာမည်ကို ရိုးရိုးလေးပဲ ပေးဖြစ်ခဲ့ပါတယ်။ဆိုင်နာမည်က ရိုးရှင်းသလောက် ဒေါ်ဝင်ဒီတို့ ရင်ဆိုင်ရတဲ့ စိန်ခေါ်မှုက မရိုးရှင်းလှပါဘူး။ ကြွပ်ကြွပ်မြန်မာရဲ့ စွန့်ပစ်ပစ္စည်းတွေနဲ့ ပြန်လည်ဖန်တီးထားတဲ့ လူ့အသုံးအဆောင်ပစ္စည်းကို ရောင်းချဖို့ စျေးကွက် မရှိတာက အဓိက အခက်အခဲဖြစ်နေပါတယ်။ရည်ရွယ်ချက်က သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းပြီး အနီးအနား အသိုင်းအဝိုင်းက လူတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးဖို့ ဖြစ်ပေမဲ့ သူတို့ထုတ်တဲ့ အသုံးအဆောင်ပစ္စည်းတွေကို ဝယ်ယူမယ့်သူ၊ ရောင်းချမယ့် စျေးကွက်မရှိရင် ရေရှည်ရပ်တည်နိုင်ဖို့ ခက်ခဲပါတယ်။ ဒါကြောင့် ဘယ်သူက ဒီပစ္စည်းတွေကို ဝယ်မလဲဆိုတာ ကြွပ်ကြွပ်မြန်မာအတွက် ခေါင်းစားစရာ မေးခွန်းတစ်ခုဖြစ်ခဲ့ပါတယ်။
အစပိုင်းမှာ NGO က သူတို့ကို လစာပေးခဲ့ပေမဲ့ အဲဒီအဖွဲ့ မြန်မာနိုင်ငံက ထွက်သွားပြီး နောက်မှာတော့ စျေးကွက်တစ်ခုရမှ ကြွပ်ကြွပ်မြန်မာရဲ့ အနာဂတ်ရပ်တည်ရေး စိတ်ချရမယ်ဆိုတာကိုဒေါ်ဝင်ဒီတို့ ကြိုသိနေခဲ့ပါတယ်။ပြည်တွင်းကလူတွေက သူတို့ရောင်းချတဲ့ ပစ္စည်းတွေကို သိပ်စိတ်မဝင်စားကြတဲ့အတွက် အစပိုင်းမှာတော့ စျေးကွက်ရှာရတာ ခက်ခဲပါတယ်။ စျေးကွက်ရဖို့မပြောနဲ့ သူတို့ကိုတောင် ဒီကလူတွေက အသိအမှတ် မပြုခဲ့ပါဘူး။ဒီတော့ ဒေါ်ဝင်ဒီတို့ဟာ နိုင်ငံခြားဧည့်သည်တွေကိုပဲ အဓိက အားထားခဲ့ရပါတယ်။ ထုတ်ကုန်တွေကို အရောင်းမြ§င့်ဖို့အတွက် လမ်းဘေးစျေးသည်တွေကိုပါ သူတို့ပစ္စည်းတွေ ရောင်းပေးဖို့ စည်းရုံးခဲ့ရပါတယ်။ နေရာစုံသွားပြီး စျေးကွက်ရှာဖွေခဲ့ရပါတယ်။
ပြည်တွင်းက လူတွေထက် နိုင်ငံခြားသားတွေက ပြန်သုံးလို့ရတဲ့ပစ္စည်းဖြစ်အောင် (Recycle) လုပ်ထားတဲ့ အသုံးအဆောင်ပစ္စည်းတွေကိုပိုစိတ်ဝင်စားကြတယ်ဆိုတဲ့ အချက်ကို ကြွပ်ကြွပ်မြန်မာ တည်ထောင်သူတွေ သိလာခဲ့ပါတယ်။ အဲဒီအချိန်မှာ ကံအားလျော်စွာ ဆိုင်ကြီးနှစ်ဆိုင်နဲ့ ချိတ်ဆက်မိပြီး ဝယ်သူတွေ လိုချင်တဲ့ ဒီဇိုင်းတွေ အော်ဒါပေး မှာယူခဲ့တာ ကနေ ကြွပ်ကြွပ်မြန်မာ အသက်ဆက်ခဲ့တာ ဖြစ်ပါတယ်။စီးပွားရေးလုပ်ငန်းတစ်ခုအသွင်နဲ့ မလည်ပတ်ခင်က ကြွပ်ကြွပ်မြန်မာဟာ အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်းတစ်ခုအဖြစ် ရှေ့ပြေးစီမံကိန်းကာလကို ၂ဝ၁၃ ကနေ ၂ဝ၁၆ အထိ ပြင်ပထောက်ပံ့ငွေနဲ့ရပ်တည်ခဲ့ပါတယ်။
ကြွပ်ကြွပ်မြန်မာရဲ့ ပြခန်းတည်နေရာဖြစ်လာဖို့က ၂ဝ၁၅ မှာ စပါတယ်။အဲဒီတုန်းက ပြင်ပထောက်ပံ့ငွေနဲ့ ရပ်တည်နေတဲ့အချိန်ဖြစ်လို့ ၂ဝ၁၅ မှာစွန့်ပစ်ပစ္စည်း ပြန်အသုံးချရေးစီမံကိန်း ရည်မှန်းချက်ကို အပြည့်အဝ အကောင်အထည် မဖော်နိုင်ခဲ့ပါဘူး။အဲဒီအချိန်က ကြွပ်ကြွပ်မြန်မာဟာ ပလတ်စတစ်အိတ်တွေနဲ့ အသုံးအဆောင် ပစ္စည်းတွေကိုပဲ ဖန်တီးနိုင်ခဲ့ပါတယ်။ ပလတ်စတစ်အိတ်သာမက တခြားစွန့်ပစ်ပစ္စည်းတွေ သုံးပြီး အိမ်တစ်လုံး တည်ဆောက်ဖို့ ဒေါ်ဝင်ဒီတို့ ကြိုးပမ်းခဲ့ပါတယ်။ဆိုလိုတာက စွန့်ပစ်ပစ္စည်းတွေကို ပြန်လည်အသုံးချတတ်မယ်ဆိုရင်အသုံးဝင်တဲ့ အသုံးအဆောင်ပစ္စည်းတွေသာမက အိမ်တစ်လုံးတောင် ဆောက်လို့ရတယ်ဆိုတဲ့ သတင်းစကား လူတွေကို ပေးချင်တာဖြစ်ပါတယ်။
ဒါကြောင့် သူတို့ အိမ်တစ်လုံးဆောက်ပြဖို့ လိုအပ်ပါတယ်။ အဲဒီမှာ ပြဿနာက အိမ်ဆောက်ဖို့မြေနေရာ မရှိတာပါပဲ။ ဒါကို ဘယ်သူက ပေးမှာလဲပေါ့။ ဒါနဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီကို ဆကသွယ်တော့ မြေနေရာလွတ်တွေ အများကြီးရှိလို့ ကြိုက်တဲ့နေရာ ဆောက်နိုင်တယ်လို့ အကြောင်းပြန်ပါတယ်။ ၁ဝ ပေပတ်လည်အကျယ်ရှိတဲ့ မြေကွက်တစ်ကွက်သာရရင် ဆောက်လို့ရပါပြီ။အဲဒီအချိန်က သင်တန်းသူဖြစ်ခဲ့တဲ့ ဒေါ်ဝင်ဒီက ရိုးရာရက်ကန်းစက်တွေ ပျောက်ကွယ်မသွားအောင်ဆိုပြီး ပြခန်းတစ်ခု သူ့အိမ်မှာ ဖွင့်လှစ်ထားခဲ့တာပါ။ ဒေါ်ဝင်ဒီက သူ့ရဲ့ ရက်ကန်းစက်တွေကို နေရာရွှေ့ပေးခဲ့ပြီး သူ့ရဲ့မြေပေါ်မှာ ကြွပ်ကြွပ်မြန်မာကို တည်ဆောက်မွေးဖွားခွင့် ပေးလိုက်ပါတယ်။
နောက်ပိုင်းမှာ စွန့်ပစ်ပစ္စည်းတွေကို ဘယ်လိုပြန်လည် မွမ်းမံပြီး၊ အသုံးဝင်တဲ့ ပစ္စည်းတွေအဖြစ် ပြောင်းလဲနိုင်သလဲ ဆိုတာနဲ့ ပတ်သက်ပြီး၊ ဒေါ်ဝင်ဒီဟာ သူ့ရဲ့ ခရစ်ယာန်အသင်းတော််က အသင်းဝင်တွေကိုအတတ်ပညာမျှဝေခဲ့ပါတယ်။ အမျိုးသမီးအသင်းတွေကိုလည်း ဖိတ်ခေါ်ပြီး အတွေ့အကြုံတွေ မျှဝေခဲ့ပါတယ်။ကျောင်းတွေကို ဆက်သွယ်ပြီး ဟောပြောပွဲလုပ်ချင်ခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ လွန်ခဲ့တဲ့ နှစ်နှစ်လောက်က တာမွေနဲ့ သဃင်္န်းကျွန်းမြို့နယ်တွေက ကျောင်းနှစ်ကျောင်းနဲ့ နိုင်ငံတကာ ကျောင်းတစ်ကျောင်းက ကြွပ်ကြွပ်မြန်မာကို ဟောပြောဖို့ ဖိတ်ခေါ်ခဲ့တယ်။ သာမန်ပြည်သူတွေသာမက ငယ်ရွယ်နုနယ်တဲ့ ကျောင်းနေအရွယ်ကလေးတွေကိုပါ စွန့်ပစ်ပစ္စည်း ပြန်လည် အသုံးချခြင်းနဲ့ ပတ်သက်လို့ ပညာပေးချင်ခဲ့တာ ဒေါ်ဝင်ဒီရဲ့ ဆန္ဒပါ။
လုပ်ငန်းစလည်ပတ်ချိန်က ဘေးပတ်ဝန်းကျင် အိမ်နီးချင်းအိမ်တွေဆီကနေ ပလတ်စတစ်နဲ့ ပြန်သုံးလို့ရနိုင်တဲ့ စွန့်ပစ်ပစ္စည်းတွေကို လိုက်ရှာခဲ့ကြပါတယ်။ နောက်ပိုင်း သိမ်ကြီးစျေးလို စျေးရုံကြီးတွေကိုသွားပြီး စွန့်ပစ် ပလတ်စတစ်တွေ ဝယ်ယူခဲ့ကြတယ်။တချို့တွေကတော့ သူတို့ဆီကို အမှိုက်တွေယူလာပေးတယ်။ ဒါပေမဲ့ လာပေးသမျှ အမှိုက်အားလုံးက သူတို့အတွက် အသုံးမဝင်ပါဘူး။ ပြန်အသုံးချလို့ရတဲ့ အမှိုက်တွေကတော့ ပလတ်စတစ်အိတ်၊ စက္ကူအိတ်၊ တာယာနဲ့ ထီး စသဖြင့် ပစ္စည်းမျိုးစုံ ပါဝင်တယ်။
ထီးရွက်ကို အိတ်အဖြစ် ပြောင်းလဲဖန်တီးနိုင်ပြီး ပလတ်စတစ်အိတ်အစား အသုံးပြုလို့ရပါတယ်။ ထီးရိုးကိုတော့ ချိတ်အဖြစ်အသုံးပြုလို့ ရပါတယ်။ဒီနေ့ခေတ်မှာတော့ ပြည်သူတွေက သူတို့ရဲ့ လုပ်ငန်းကို စိတ်ဝင်တစား ရှိလာကြပြီလို့ ကြွပ်ကြွပ်မြန်မာအဖွဲ့ဝင်တွေက ဆိုပါတယ်။ သူတို့ဖန်တီးတဲ့ စွန့်ပစ်ပစ္စည်းအသုံးချ အသုံးအဆောင်တွေအပေါ် လူတွေရဲ့ အမြင်ပြောင်းလဲလာပါပြီ။တချို့ အစိုးရ တာဝန်ရှိသူတွေတောင်မှ ပလတ်စတစ်ကနေ အသုံးအဆောင်ပစ္စည်း ထုတ်လုပ်ပုံကို လာရောက် ကြည့်ရှုကြပါတယ်။ စွန့်ပစ်အမှိုက်တွေကို လျှော့ချဖို့ဆိုတာ အစိုးရအတွက် အရေးကြီးတဲ့ လုပ်ငန်းစဉ်တစ်ရပ် မဟုတ်လား။ဘယ်လိုပဲဖြစ်ဖြစ် သူတို့လည်း တတ်နိုင်တဲ့ဘက်က ပလတ်စတစ်အမှိုက်တွေကို လျှော့ချဖို့ နောက်ထပ် ခြေလှမ်းတစ်ခု စတင်ခဲ့ကြပါတယ်။ အဲဒါကတော့ 'လမ်းသန့်' လို့ နာမည်ပေးထားတဲ့ စည်းရုံး လှုံ့ဆော်ရေး လှုပ်ရှားမှုပါပဲ။
သူတို့ ရပ်ကွက်လမ်းတွေမှာ အမှိုက်ပုံးတွေ ထားရှိပြီး ပြည်သူတွေအနေနဲ့ အမှိုက်ကို အမှိုက်ပုံးတွေထဲ စွန့်ပစ်ဖို့ အသိပေးပြောဆိုပါတယ်။ လှုံ့ဆော် စည်းရုံးပါတယ်။အဲဒီအမှိုက်တွေ စုဆောင်းဖို့ ဒေသခံကျောင်းသားလေးတွေကို အကူအညီတောင်းပါတယ်။ အပြန်အလှန်အနေနဲ့ လုပ်အားခပေးတဲ့အတွက် သူတို့ရဲ့ ကျောင်း၊ ကျူရှင်စရိတ်ဖိုး ငွေရသလို ကျောင်းသားအချင်းချင်းလည်း အတွေ့အကြုံဖလှယ်နိုင်တယ်လို့ ကြွပ်ကြွပ်မြန်မာအဖွဲ့ဝင်တွေက ဆိုပါတယ်။ကြွပ်ကြွပ်မြန်မာနဲ့ ပတ်သက်တဲ့အကြောင်းတွေ ပြောပြနေချိန်မှာ ဒေါ်ဝင်ဒီတစ်ယောက် အရမ်းကို စိတ်ဓာတ်တက်ကြွနေပါတယ်။ သူ့အနေနဲ့ ဒီထက်မက အောင်မြင်လာတဲ့အထိ စိတ်ရော၊ ကိုယ်ပါ မြှုပ်နှံမယ်လို့ပြတ်ပြတ်သားသား ဆုံးဖြတ်ထားပုံပါပဲ။
ကြွပ်ကြွပ်မြန်မာဟာ စွန့်ပစ်ပစ္စည်းတွေကနေ အသုံးအဆောင်ဖန်တီးရာမှာ အများနဲ့မတူတဲ့ ကိုယ်ပိုင်ဟန်တစ်ခု ရှိနေပါတယ်။ သူ့နယ်ပယ်မှာတော့ သူဟာ ဆရာတစ်ဆူပါပဲ။ပြန်လည်ဖန်တီးအသုံးချခြင်းနိယာမနဲ့ ပိုမိုသန့်ရှင်းတဲ့ ပတ်ဝန်းကျင်တစ်ခုဖြစ်လာအောင် ကြွပ်ကြွပ်မြန်မာက သူ့နည်းသူ့ဟန်နဲ့ ကမ္ဘာမြေကြီးကို အလှဆင်နေပါတယ်။ကြွပ်ကြွပ်မြန်မာကို ဆက်သွယ်ချင်ရင်တော့ အမှတ် ၅ဝ၇၊ ခရေလမ်း၊ ဒလမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးကို သွားရောက်နိုင်ပါတယ်။ လူမှုကွန်ရက်စာမျက်နှာဖြစ်တဲ့ Facebook.com/chuchuyangon, ChuChu Workshop တွေကနေလည်း တစ်ဆင့် ဆက်သွယ်နိုင်ပါတယ်။
ဆန်းလင်းထွန်းသည် ဆောင်းပါး၊ ကဗျာနှင့် ဝတ္ထုတိုများ ရေးသားသော အလွတ်တန်း စာရေးဆရာတစ်ယောက် ဖြစ်သည်။



















