မလေးရှား ဝန်ကြီးချုပ်ဟောင်း၏ ဇနီးကို လာဘ်ယူမှုဖြင့် ဖမ်းဆီး

မလေးရှား ဝန်ကြီးချုပ်ဟောင်း၏ ဇနီးကို လာဘ်ယူမှုဖြင့် ဖမ်းဆီး

ကွာလာလမ်ပူ ” မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်၏ ဇနီး ရော့စ်မာ မန်ဆူးကို အောက်တိုဘာ ၃ ရက် နေ့လယ်ပိုင်းတွင် ဖမ်းဆီးလိုက်ကြောင်း၊ ၎င်းသည်1MDB နိုင်ငံတော်ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေကိစ္စတွင် ပါဝင်ပတ်သက်သော အကျင့်ပျက် ခြစားမှုနှင့် ငွေကြေးခဝါချမှုများဖြင့် အမှုရင်ဆိုင်ရမည်ဖြစ်ကြောင်း မလေးရှားနိုင်ငံ အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေး အေဂျင်စီက အောက်တိုဘာ ၃ ရက်တွင် ပြောကြားခဲ့သည်။

အဆိုပါအေဂျင်စီက ကြေညာချက်အကျဉ်းချုပ် ထုတ်ပြန်ရာတွင် ရော့စ်မာ မန်ဆူးကို နိုင်ငံပိုင်ငွေများ အလွဲသုံးစားလုပ်မှု၊ ငွေကြေးခဝါချမှုကိစ္စနှင့်စပ်လျဉ်း၍ အစစ်ဆေးခံရန် တတိယအကြိမ်မြောက် ရုံးတော်သို့ရောက်ရှိပြီးနောက် ၎င်းတို့၏ ဌာနချုပ်ရှိရာ ပူထရာဂျာယား အစိုးရအဖွဲ့ရုံးချုပ်တွင် လေးနာရီခန့်ဖမ်းဆီးထိန်းသိမ်းထားခဲ့သည်။

ရော့စ်မာကို အောက်တိုဘာ ၁၀ ရက်တွင် ငွေကြေးခဝါချမှု ဥပဒေအရ စွပ်စွဲမှု အတော်များများဖြင့် ရင်ဆိုင်ရန် ရုံးထုတ်မည်ဖြစ်သည်ဟု အဆိုပါကြေညာချက်တွင် ဖော်ပြထားသည်။ 

အစိမ်းရောင်တောက်တောက် ရိုးရာဝတ်စုံ ဝတ်ဆင်ထားသည့် ရော့စ်မာသည် အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးအေဂျင်စီရုံး အဆောက်အအုံတွင်းသို့ အောက်တိုဘာ ၃ ရက် နံနက်ပိုင်းတွင် လုံခြုံရေးအစောင့်များဖြင့် ရောက်ရှိလာပြီး သတင်းထောက် များကို ပြုံးပြသော်လည်း တစ်စုံတစ်ရာပြောဆိုခြင်းမရှိပေ။ သူ့ကို ဇွန် ၅ ရက်တွင် တစ်ကြိမ်၊ စက်တင်ဘာ ၂၆ ရက်တွင်တစ်ကြိမ် အေဂျင်စီသို့ ဆင့်ခေါ်ခဲ့ပြီး ၁၃ နာရီကြာ စစ်ဆေးမေးမြန်းခဲ့သည်။

ဒေသခံမီဒီယာများကမူ သူသည် အမှုပေါင်း ၂၀ ရင်ဆိုင်ရမည်ဟုဆိုသည်။ အောက်တိုဘာ ၃ ရက် စောစောပိုင်းတွင် နာဂျစ်ရာဇတ်ကိုလည်း 1MDB သတင်းဆိုး ကိစ္စနှင့်စပ်လျဉ်း၍ မလေးရှား ရဲတပ်ဖွဲ့ ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ ရာဇဝတ် မှုခင်းရုံးတွင် စစ်ဆေးမေးမြန်းခဲ့သည်။ ၂၀၁၃ ခုနှစ်တွင် ထုတ်ဝေခဲ့သော အတ္ထုပ္ပတ္တိ စာချုပ်၌ ရော့စ်မာက တန်ဖိုးကြီးသည့် ကျောက်မျက်ရတနာများနှင့် လက်ဆောင်များ လက်ခံရယူခြင်းမှာ ဝန်ကြီးချုပ်ကတော်တစ်ယောက်အဖို့ သာမန်ကိစ္စတစ်ရပ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် သူကိုယ်တိုင်သီဆိုထားသည့် တေးသီချင်းခွေမှလည်း ရင်းဂစ်ငွေကြေးများကို သန်းနှင့်ချီ၍ ဝင်ငွေရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။ ထိုသီချင်းခွေမှာ အများပြည်သူသို့  ထုတ်ရောင်းခြင်းမပြုခဲ့ဘဲ အစိုးရဝန်ကြီးများကသာ ဝယ်ယူခဲ့ခြင်းဖြစ်သည်ဆို၏။ ၎င်းတို့က သူ၏အဆိုပါရမီကို နှစ်သက်ကြသည့် ဝါသနာရှင်များဖြစ်သည်ဟုဆိုသည်။အသက် ၆၆ နှစ်အရွယ်ရှိ ရော့စ်မာသည် ပလွှားသော လူနေမှုပုံစံဖြင့်နေထိုင်ပြီး တန်ဖိုးကြီး ကျောက်မျက်ရတနာများ၊ ဒီဇိုင်းပညာရှင်များထုတ်လုပ်သည့် တန်ဖိုးကြီး လက်ကိုင်အိတ်များကို သုံးစွဲလေ့ရှိသူဖြစ်ပြီး ဖိလစ်ပိုင်သမ္မတကတော် အီမယ်ဒါ မားကို့စ်က နာမည်ကျော် ဖိနပ်အမျိုးမျိုးကို စုဆောင်းထားမှုနှင့် သူ့ကိုနှိုင်းယှဉ်ဖော်ပြ လေ့ရှိသည်။ မလေးရှားရဲက ပြောကြားရာတွင် စုံစမ်းစစ်ဆေးမှုများအရ ဝန်ကြီးချုပ်ဟောင်းနာဂျစ်သည် ၁ြီ နှင့် ဆက်နွှယ်မှုရှိသော ကုမ္ပဏီသုံးခုမှ သူ၏ဘဏ်စာရင်းသို့ ငွေကြေး ဒေါ်လာ ၉၇၂ သန်း လွှဲပြောင်းရယူခဲ့ကြောင်း တွေ့ရှိရသည်ဟု ဆိုသည်။