ဘရပ်ဆဲလ် ” ကမ္ဘာအနှံ့နှင့် ဥရောပ တို့တွင် ဆိုက်ဘာတိုက်ခိုက်မှုများကို ရုရှားနိုင်ငံက အပြင်းအထန် အသုံးချနေမှုကို တုံ့ပြန်ရန် နေတိုးအဖွဲ့အစည်းကိုယ်စား ဆိုက်ဘာစစ်ပွဲ လုံခြုံရေးပေးရန် အမေရိကန်နိုင်ငံက ကမ်းလှမ်းခဲ့ကြောင်း အမေရိကန် အကြီးတန်း အရာရှိတစ်ဦးက ပြောကြားခဲ့သည်။
အောက်တိုဘာ ၃ ရက်နှင့် ၄ ရက်တွင် ပြုလုပ်သော နေတိုးကာကွယ်ရေးဝန်ကြီးများ တွေ့ဆုံပွဲကို အမေရိကန်ကာကွယ်ရေးဝန်ကြီး ဂျင်မ်မက်တစ် တက်ရောက်နေစဉ် ရက်ပိုင်းအတွင်း အဆိုပါ ကမ်းလှမ်းချက်ကို ထုတ်ပြန်ဖွယ်ရှိသည်။ နေတိုး မဟာမိတ်နိုင်ငံများအတွက် တိုက်ခိုက်ရေးနှင့် ကာကွယ်ရေး ဆိုက်ဘာလုံခြုံမှုကို အမေရိကန်နိုင်ငံက အသုံးပြုမည်ဖြစ်သော်လည်း ၎င်း၏ ကိုယ်ပိုင် ဆိုက်ဘာတိုက်ခိုက်မှု စွမ်းရည်ကို ထိန်းချုပ်မည်ဟု နိုင်ငံတကာ လုံခြုံရေးဆိုင်ရာ ဒုတိယလက်ထောက်ကာကွယ်ရေးဝန်ကြီး ကေသီ ဝီးလ်ဘာဂျာက ဆိုသည်။
ဇူလိုင်လတွင် ပြုလုပ်ခဲ့သော နေတိုးထိပ်သီးတွေ့ဆုံပွဲတွင် ဆိုက်ဘာတိုက်ခိုက်မှုကို တုံ့ပြန်ရန်နှင့် ကွန်ရက်များကို ကာကွယ်ရန် မဟာမိတ်နိုင်ငံ၏ ဆိုက်ဘာစွမ်းရည်ကို အသုံးချရန် သဘောတူညီခဲ့ပြီးနောက် အဆိုပါ ဆုံးဖြတ်ချက်ထွက်ပေါ်လာခဲ့သည်။ အမေရိကန်နိုင်ငံရှိ ရွေးကောက်ပွဲများတွင် စွက်ဖက်ရန်နှင့် နေရာအနှံ့တွင် ဆိုက်ဘာတိုက်ခိုက်မှုများကို ရုရှားနိုင်ငံက ပြုလုပ်နေမှုနှင့် ပတ်သက်ပြီး အမေရိကန်နိုင်ငံနှင့် မဟာမိတ်နိုင်ငံများ စိုးရိမ်နေမှု မြင့်တက်လာခြင်းကို အဆိုပါ ကမ်းလှမ်းချက်က ထောက်ပြနေသည်။
အမေရိကန်နိုင်ငံ၏ နျူကလီးယား စွမ်းရည်များကဲ့သို့ပင် တရားဝင် ဆိုက်ဘာလုံခြုံရေးထောက်ပံ့မှုက အခြားနိုင်ငံများနှင့် ပြိုင်ဘက်နိုင်ငံများအတွက် စစ်ရေး အဟန့်အတား ဖြစ်စေနိုင်သည်။ လေကြောင်း၊ ရေကြောင်း၊ အာကာသနှင့် ကြည်းကြောင်း စစ်ဆင်ရေးတို့အပြင် ဆိုက်ဘာကွန်ရက်ကိုလည်း အမေရိကန်က စစ်ဆင်ရေးတစ်ခုအဖြစ် သတ်မှတ်ထားသည်။ လွန်ခဲ့သော ရက်သတ္တပတ်များအတွင်း စစ်ရေး ဆိုက်ဘာစွမ်းရည်များကို ထိထိရောက်ရောက် အသုံးချမည့် ဆိုက်ဘာလုံခြုံရေး မဟာဗျူဟာအသစ်ကို ကာကွယ်ရေးဌာနချုပ် ပင်တဂွန်က ထုတ်ပြန်ခဲ့သည်။ ထို့ပြင် ရုရှားနှင့် တရုတ်တို့၏ ဆိုက်ဘာတိုက်ခိုက်မှု ဆောင်ရွက်နေခြင်းကို အမေရိကန်က အသေးစိတ် ထောက်ပြပြောဆိုခဲ့သည်။

















