အိန္ဒိယတွင် အထွတ်အမြတ်ထားသည့် ဂင်္ဂါမြစ်ကမ်းနံဘေးတွင် အမျိုးသမီးတစ်ဦးကို အမျိုးသားနှစ်ဦးက အဓမ္မပြုကျင့်နေသည့် ဗီဒီယိုဖိုင် အိန္ဒိယ ဆိုရှယ်မီဒီယာများပေါ်တွင် ပျံ့နှံ့ခဲ့ပြီးနောက် အိန္ဒိယ အရှေ့မြောက်ပိုင်း ပတ္တနာမြို့တွင် သံသယတရားခံ အမျိုးသားနှစ်ဦးကို ဖမ်းဆီးလိုက်ကြောင်း သိရသည်။
အမျိုးသားနှစ်ဦးသည် အဓမ္မပြုကျင့်ပုံများကို ဖုန်းဖြင့် ဗီဒီယိုရိုက်ထားခဲ့ကြောင်းလည်း သိရသည်။ အမျိုးသမီးသည် စက်တင်ဘာ ၃၀ နံနက်ပိုင်းက ဂင်္ဂါမြစ်တွင်း ရေဆင်းချိုးနေစဉ် အမျိုးသားနှစ်ဦးက ကမ်းပေါ်ဆွဲခေါ်ကာ အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်သည်။ မြင့်မြတ်သော ဂင်္ဂါမြစ်ကို ထောက်ထားကြရန် အမျိုးသမီးက တောင်းပန်သံကိုလည်း ဗီဒီယိုထဲတွင် ကြားရသည်။ အဓမ္မကျင့်သည့် အမျိုးသားနှစ်ဦး ဗီဒီယိုရိုက်ရာတွင် သုံးခဲ့သော မိုဘိုင်းဖုန်းကိုလည်း သိမ်းဆည်းမိထားပြီဖြစ်ပြီး မှုခင်းဓာတ်ခွဲခန်းသို့ ပို့ကာ သက်သေအချက်အလက်များ ထုတ်ယူနေပြီဖြစ်ကြောင်းလည်း တိုင်းမ်စ်အော့အိန္ဒိယ မီဒီယာက ရေးသားသည်။
ရဲများကမူ ထိုကိစ္စကို ဆိုရှယ်မီဒီယာပေါ် ဗီဒီယို ပျံ့နှံ့လာပြီးနောက်တွင်မှ သိခဲ့ရကြောင်း ပြောထားသော်လည်း ဒေသတွင်း မီဒီယာအချို့ကမူ အမျိုးသမီးသည် ရဲကို သွားတိုင်သော်လည်း ရဲစခန်းက အရေးမယူဘဲ ပြန်လွှတ်လိုက်ပြီးသည်တွင်မှ ဆိုရှယ်မီဒီယာပေါ် ဗီဒီယို အတင်ခံရပြီး လူသိရှင်ကြားဖြစ်ခဲ့ရခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
ရာဇဝတ်မှုခင်း စာရင်းအင်းများအရ အိန္ဒိယတွင် ၁၃ မိနစ်နေတိုင်း အမျိုးသမီးတစ်ဦး အဓမ္မပြုကျင့်ခံရလျက်ရှိကြောင်း သိရသည်။ တကယ်တမ်းတွင် ထို့ထက်ပင် ပိုများနိုင်ပြီး လိင်အမြတ်ထုတ် အနိုင်ကျင့်ခံရသူများအပေါ် လူမှုဝန်းကျင်က ဖယ်ကြဉ်မှုများကြောင့် အာဏာပိုင်များထံသို့ သွားမတိုင်ဘဲ နှုတ်ပိတ်နေရသူ အများအပြား ရှိနေကြောင်းလည်း လူ့အခွင့်အရေး လှုပ်ရှားသူများက ဆိုထားကြသည်။

















