နိုင်ငံတကာလက်ဝှေ့အဖွဲ့ချုပ်( အေအိုင်ဘီအေ) သည် အဖွဲ့ချုပ်တွင်းရှိ အုပ်ချုပ်ရေးဆိုင်ရာပြဿနာများကို ဖြေရှင်းမပြုပါက အိုလံပစ်အားကစားပြိုင်ပွဲတွင် လက်ဝှေ့ကို ဖြုတ်ပယ်ရမည်ဖြစ်ကြောင်း နိုင်ငံတကာအိုလံပစ်ကော်မတီ( အိုင်အိုစီ) ဘုတ်အဖွဲ့က အောက်တိုဘာ ၃ ရက်တွင်ပြောဆိုခဲ့သည်။
အေအိုင်ဘီအေသည် လာမည့်ညီလာခံတွင် အုပ်ချုပ်ရေးပြဿနာကိုဖြေရှင်းရမည်ဖြစ်ပြီး မဟုတ်ပါက အရေးယူခံရမည်ဖြစ်ကြောင်း အိုင်အိုစီက သတိပေးပြောဆိုခဲ့သည်။ အေအိုင်ဘီအေနှင့် လက်ရှိအုပ်ချုပ်ပုံစနစ်တို့နှင့်ပတ်သက်၍ အလွန်အမင်းစိုးရိမ်မိကြောင်း အိုင်အိုစီအမှုဆောင်ဘုတ်အဖွဲ့က ထုတ်ပြန်ခဲ့သည်။
အောက်တိုဘာ ၆ ရက်တွင် လူငယ်အိုလံပစ်အားကစားပြိုင်ပွဲကျင်းပမည့် အာဂျင်တီးနားနိုင်ငံ ဗြူနိုအေးရီးစ်၌ အမှုဆောင်ဘုတ်အဖွဲ့သည် အစည်းအဝေးကျင်းပနေသည်။ အေအိုင်ဘီအေရှိ ပြဿနာများကြောင့် အိုင်အေဘီအေနှင့် လက်ဝှေ့တို့သာမက အားကစားနယ်ပယ်တစ်ခုလုံးပါ ဂုဏ်သိက္ခာထိခိုက်ရကြောင်း အိုင်အိုစီကပြောဆိုခဲ့သည်။
လာမည့် ညီလာခံတွင် အေအိုင်ဘီအေသည် အုပ်ချုပ်ရေးဆိုင်ရာပြဿနာကိုဖြေရှင်းခြင်းမပြုပါက အိုလံပစ်အားကစားများတွင် လက်ဝှေ့ကိုဖယ်ရှားရမည်ဖြစ်သလို အေအိုင်ဘီအေကို နိုင်ငံတကာအားကစားအဖွဲ့အဖြစ် အသိအမှတ်ပြုထားခြင်းကိုလည်း ရုပ်သိမ်းရမည်ဖြစ်ကြောင်း အိုင်အိုစီက ပြောဆိုခဲ့သည်။
အေအိုင်ဘီအေက အဆိုပါပြဿနာကိုဖြေရှင်းခြင်းမပြုပါက ၂၀၂၀ ပြည့်နှစ် တိုကျိုအိုလံပစ်တွင် လက်ဝှေ့ကို ဖြုတ်ပယ်ထားရမည်ဖြစ်ကြောင်း အိုင်အိုစီက ဇူလိုင်တွင် သတိပေးခဲ့ပြီးဖြစ်သည်။ ဥဇဘက်စီးပွားရေးလုပ်ငန်းရှင် ဂါဖာ ရာခီမော့ဗ်အား အေအိုင်ဘီအေ၏ ယာယီဥက္ကဋ္ဌအဖြစ် အမည်စာရင်းတင်သွင်းမှုကြောင့် စိုးရိမ်မိကြောင်း အိုင်အိုစီက ဖေဖော်ဝါရီတွင် ပြောဆိုခဲ့သည်။ ရာခီမော့သည် အုပ်စုဖွဲ့ကျူးလွန်သော ရာဇဝတ်မှုများနှင့် ပတ်သက်မှုရှိသူဖြစ်ကြောင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက သတ်မှတ်ထားသည်။

















